ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအစဉ် ဆိုင်းငံဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်နိုင်မယ့် အချိန်အထိ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။

ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့ အနေနဲ့ မနက်ဖြန်ကစပြီး ဒုက္ခသည်တချို့ကို နေရပ်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တုံ့ပြန်သံတွေ ထွက်ပေါ်လာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက တင်ပြထားတဲ့ ဒုက္ခသည် ၂၂,၀၀၀ ထဲက ပထမ အသုတ်အဖြစ် ၃ ထောင်ကျော်ကို လက်ခံဖို့ ရည်ရွယ်ထားပြီး၊ ဒုက္ခသည်တွေရဲ့ သဘောထားကို သိနိုင်ဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ မနေ့တုန်းကပဲ မေးမြန်းစုံစမ်းမှုတွေ စတင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည်တွေ စိတ်ချလက်ချ ပြန်နိုင်မယ့် အခြေအနေ မရှိသေး သလို၊ စနစ်တကျဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကိုလည်း ဖြေရှင်းထားတာ မရှိသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ တောင်အာရှရေးရာ ဒါရိုက်တာMeenakshi Ganguly က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တဲ့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကလည်း အခုအချိန်မှာ ဒုက္ခသည်တွေကို ပြန်ပို့တာဟာ အန္တရာယ်ကြီးမားပြီး၊ အဆင်အခြင်မဲ့ရာရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးသွားခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံဖို့ ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားသလို၊ ပြန်လည်လက်ခံဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအစဉ် ဆိုင်းငံဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း