သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ရေး ဒုက္ခသည်တွေ သဘောထား ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စတင်စုံစမ်း


UNHCRရုံးတွင် ရိုဟင်ဂျာဒုက္ခသည်မိသားစုကို မှတ်ပုံတင်ပေးနေစဉ်
UNHCRရုံးတွင် ရိုဟင်ဂျာဒုက္ခသည်မိသားစုကို မှတ်ပုံတင်ပေးနေစဉ်

နေရပ်ပြန်ရေး ဒုက္ခသည်တွေ သဘောထား ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စတင်စုံစမ်း မြန်မာနိုင်ငံကနေထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃,၀၀၀ ကျော်အနေနဲ့ သူတို့မူရင်းနေရာတွေဆီ ပြန်ချင်သလားဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီကနေ့ကစလို့ မေးမြန်းဆန်းစစ်နေပါပြီ။

ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံကိုပေးထားတဲ့ ဒုက္ခသည်စာရင်း ၂၂,၀၀၀ ကျော်ထဲက လူပေါင်း ၃,၄၅၀ ကို ပြန်လက်ခံမယ်လို့ မြန်မာနိုင်ငံဘက်က အကြောင်းပြန်ပြီးတဲ့နောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်သစ် ပြန်စတင်လာတာပါ။

ဒုက္ခသည်တွေ ပြန်ချင်သလားဆိုတာကို စစ်တမ်းကောက်ယူတာ ဒီကနေ့ စတင်ပါပြီလို့ Cox’s Bazar ဒေသက UNHCR ပြောခွင့်ရအမျိုးသမီး Louise Donovan က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR တို့ ပူးပေါင်းပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေး မေးမြန်းသွားမှာဖြစ်ပါတယ်လို့ UNHCR ပြောခွင့်ရကပြောပါတယ်။

ပြန်ချင်တယ်လို့ ပြောသူတွေရဲ့ ရည်ရွယ်ချက်၊ ပြန်မယ့်ဆုံးဖြတ်ချက်ဟာ ကိုယ့်သဘောဆန္ဒအရ ဆုံးဖြတ်တာ ဟုတ်မဟုတ် ဆိုတာတွေကိုသိရဖို့ အဲဒီဒုက္ခသည်တွေနဲ့ ဒုတိယအကြိမ် သီးခြားတွေ့ဆုံမေးမြန်းတာကို UNHCR က လုပ်သွားမှာဖြစ်ပါတယ်။

ဒုက္ခသည် အကူအညီပေးရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်တဦးလည်း အဲဒီလိုတွေ့ဆုံမေးမြန်းချိန်မှာ ရှိနေမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတဦးကပြောပါတယ်။

စာရင်းထဲမှာပါတဲ့ ရိုဟင်ဂျာတွေကို UNHCR က စပြီး တွေ့ဆုံမေးမြန်းနေပါပြီ၊ ကြားစခန်းတွေ၊ သယ်ယူပို့ဆောင်ရေးတွေ စသည် ဖြင့် ကြာသပတေးနေ့မှာ ဒုက္ခသည်တွေကို စပြီးပြန်ပို့ဖို့ အစစ အဆင်သင့်ဖြစ်နေပါပြီလို့ ဒုက္ခသည် အကူအညီပေးရေးနဲ့ ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီး Mohammad Abul Kalam က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အခုလုပ်နေတဲ့ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့ရဲ့ ပန်ကြားချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတခုကို ဗုဒ္ဓဟူးနေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာနဲ့ ဒုက္ခသည်တွေကိုယ်တိုင်က သုံးနှုန်းခေါ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက် ကတော့ စာရင်းထဲမှာပါတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေ ဟုတ်မဟုတ်ဆိုတာနဲ့ မြန်မာစစ်စခန်းတွေကို တိုက်ခိုက်တဲ့ထဲမှာ ပါဝင်ခဲ့သူတွေ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးထားပြီးပြီလို့ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Joyshankar ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို အလျင်အမြန် ဘေးရန်ကင်းကင်း ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အကျိုးစီးပွားအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေကို အိန္ဒိယက အကူအညီတိုးပေးသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen နဲ့ Dhaka မြို့တော်မှာ ဒီကနေ့ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

နေရပ်ပြန်ရေး ဒုက္ခသည်တွေ သဘောထား ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စတင်စုံစမ်း
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG