မြန်မာနိုင်ငံက နေရပ်ရင်းတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရင် နိုင်ငံသားအခွင့်အရေးပေးပြီး လုံခြုံရေး အာမခံချက်ပေးဖို့ အပါအဝင် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ဒီကနေ့ ရောက်ရှိလာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ် ၁၅ ဦးဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်ကို သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီကနေ့ စနေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် မြန်မာနိုင်ငံဘက်က သူတို့နေရပ်ရင်းကို ပြန်လာဖို့ အခုလို သွားရောက်တွေ့ဆုံစကားပြောတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Mr. Delwar Hossain က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဆန္ဒသဘောထားကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းဖို့၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံသားအခွင့်အရေးပေးဖို့ နဲ့ ရိုဟင်ဂျာတွေ အတွက် နိုင်ငံတကာက ခိုင်မာတဲ့ လုံခြုံရေး အာမခံပေးဖို့နဲ့ မိမိတို့ရဲ့မူလနေရပ်ရင်းကို ပြန်လည်နေရာအခြေချခွင့်ရဖို့နဲ့ ပျက်စီး ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အတွက် တရားမျှတမှုရဖို့ ဒုက္ခသည်တွေဘက်က တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင် ဒုက္ခသည်စခန်းတွေဆီကို ရောက်ရှိလာတဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့တွေ ကို ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံက သူတို့တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
"ဒီကနေ့ နေ့လည် တနာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ကုတုပလောင် ဒုက္ခသည်စခန်း သူတို့ မြန်မာ့ကိုယ်စားလှယ်နဲ့ ကျနော်တို့ ရိူဟင်ဂျာဒုက္ခသည်တွေဘက်က အမျိုးသား၊ အမျိုးသမီး ကိုယ်စားလှယ်များ ငါးဆယ်နဲ့ တွေ့ဆုံတောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ။ အဲဒီတောင်းဆိုချက်မှာ ပထမပိုင်းကတော့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ဘက်က အရင်ခရီးစဉ်အတိုင်း NVC လုပ်ငန်းစဉ် သူတို့ချပြခဲ့မှုကြောင့် ဒုက္ခသည် ကိုယ်စားလှယ်ဘက်က လက်မခံတဲ့အတွက် ၅ မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်မှုကြောင့် အာဆီယံအဖွဲ့နဲ့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ဘက်က မေတ္တာရပ်ခံပြီး ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကတော့ အချက် ၄ချက်ကို တင်ပြခဲ့ပါတယ်။
နိုင်ငံသား အခွင့်အရေးမရမခြင်း၊ နောက် နိုင်ငံတကာ၏ လုံခြုံရေး အပြန်အလှန် မရမခြင်း၊ နောက် ကျနော်တို့ရဲ့ မူလကျေးရွာတွေဆီ ပြန်လည်နေထိုင်ခွင့် မရမခြင်း၊ ကျနော်တို့ရဲ့ ပိုင်ဆိုင်တဲ့ အားလုံး ပြန်လည်ရရှိခွင့် မရမခြင်း ဘာဖြစ်လို့လည်းဆိုရင် လုံခြုံရေး အစီအမံကတော့ အလွန် အရေးကြီးပါတယ်။ အခု ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်လုံးမှာ AA အဖွဲ့က ခြေကုပ်နေရာယူထားပြီး တိုက်ပွဲတွေ အဆက်မပျက် ရှိနေတဲ့အတွက် ကျနော်တို့ ဘေးအန္တရာယ်နဲ့ ကြုံရမှာကို အတော်စိုးရိမ်ပါတယ်။ အဲဒါကြောင့်မို့ နိုင်ငံတကာရဲ့ လုံခြုံရေး အစီအမံက အလွန် အရေးကြီးပါတယ်။"
ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က တောင်းဆိုခဲ့တဲ့ အချက်လေးချက်နဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်။ ။ "ဟုတ်ကဲ့ပါ။ ကျနော်က ခုနကပဲ တွေ့ဆုံပွဲကနေ ပြန်လာတာပါ။ အဲ့ဒီမှာ စခန်းမှာတွေ့ခဲ့တာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးမင်းသူ ဦးဆောင်ပြီးတော့ လာကြတယ်။ သူတို့ကပထမလာကြတော့ နဂိုက အတိုင်း NVC ကိစ္စတို့ ကြားစခန်းကိစ္စတို့ အဲဒီမှာ ယာယီလက်ခံရေးကိစ္စတော့ အဲ့ဒီမှာ အကုန်လုံး သူတို့က ပြောင်းလဲပေးမယ် ကောင်းအောင်လို့ အပြန်အလှန်ဆွေးနွေးသွားပါဆိုလို့ ကျနော်တို့ဆွေးနွေးသွားပါတယ်။"
မဆုမွန်။ ။ "အဲ့တော့ ဒီနေ့တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးမောင်မောင် ကျေနပ်အားရမှုရှိလား။ အဲဒီ ဒီဆွေးနွေးပွဲကနေ ထပ်ပြီးတော့ ဘာရလဒ်တွေ ရလာမယ်လို့ မျှော်လင့်ပါသလဲရှင့်။"
ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်။ ။ "အဓိက ဆွေးနွေးပွဲမှာ ကမ်းလှမ်းမှုတွေကတော့ ကျနော်က လောလောဆယ်ထူးခြားမှုတွေက ထူးခြားမှုတွေ ရလာမယ်လို့ ကျနော်က မျှော်လင့်ပါတယ်။"
မဆုမွန်။ ။ "ဘယ်လို ထူးခြားမှုတွေရလာမယ်လို့ မျှော်လင့်ပါသလဲရှင်။"
ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်။ ။ "အဲဒီမှာ အချက်လေးချက် ပြောကြတယ်။ အဲ့ဒီမှာ လေးချက်ကို သူတို့က မှတ်တမ်းယူသွားတယ်။ အဲ့ဒီမှာ သွားပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သူတို့နဲ့ ဆွေးနွေးပြီးတော့ ဒီမှာ အကြောင်းပြန်ကြားမယ်ဆိုပြီးတော့ ပြောသွားတာပါ။"
မဆုမွန်။ ။ "အချက်လေးချက်က ဘယ်အချက်တွေပါလဲ ဦးမောင်မောင်။"
ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်။ ။ "အဓိက ပထမအချက်က လောလောဆယ် ကျနော်တို့နဲ့ ဆွေးနွေးကြပါ။ လေးပွင့်ဆိုင် ကျနော်တို့ တောင်းဆိုတယ်။
နောက်တချက်မှာ ကျနော်တို့ Citizenship ပါ နိုင်ငံသား ကိစ္စ။ နံပတ် သုံးက တော့ ကျနော်တို့ လုံခြုံတဲ့ အပိုင်းပါ နိုင်ငံတကာ security ပါ။ နောက်တခုက လောလောဆယ်မှာ ကျနော်တို့ မူလနေရာတွေ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်ဖို့ ရရှိဖို့ ပြန်လည်နေထိုင်ဖို့အတွက်ပေါ့။"
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီကို နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းဌာနက တာဝန်ရှိသူတွေပါ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။
၃ ရက်တာကြာမယ့် ဒီခရီးစဉ်အတွင်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရဘက်က လုပ်ဆောင်ပြီးသမျှ အခြေအနေနဲ့ ဒီလူတွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် စခန်းအတွင်းမှာရှိတဲ့ ဒုက္ခသည် မိသားစုတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။
သူတို့ တွေ့ဆုံပြောဆိုမှု လုပ်ပြီးတဲ့အခါ ဘယ်လိုရလဒ်မျိုး ထွက်လာသလဲဆိုတာ ဘင်္ဂလားဒေ့ချ်ဘက်ကို ပြန်ပြောမယ်လို့ မျှော်လင့်ကြောင်း လည်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဒီလိုမြန်မာအရာရှိတွေနဲ့ အာဆီယံရဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး အာဆီယံအဖွဲ့ဝင် ငါးဦးတို့ လာရောက် တွေ့ဆုံတာဟာ ဒုက္ခသည်တွေ မြန်မာပြည်ပြန်ဖို့ စဉ်းစားတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5