ဗြိတိသ ျှ သံတမန် ၂၃ ဦး ရုရှားနှင်ထုတ်

အဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီး Yulia တို့ကို ဗြိတိန်နိုင်ငံမှာ နောက်ဆုံးတွေ့ခဲ့တဲ့နေရာ (March 11, 2018)

ဗြိတိန်သံတမန် ၂၃ ဦးကို နိုင်ငံတွင်းက နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း ရုရှားက ဒီကနေ့မှာ ပြောပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက ရုရှား သံတမန် ၂၃ ဦးကို ဗြိတိန်က ပြည်နှင်ဒဏ် ပေးလိုက်ပြီးနောက် ရုရှားကအခုလို လက်တုန့်ပြန် လိုက်တာပါ။

ရုရှား ထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သူ့သမီး Yulia တို့ကို ဗြိတိန်နိုင်ငံ Salisbury မြို့က ပန်းခြံအတွင်း သတိလစ် မေ့မြောနေတာကို တွေ့ခဲ့ပြီး သူတို့ဟာ ရုရှားတွေရဲ့ အာရုံကြော ထိခိုက်စေတဲ့ Novichok အဆိပ်နဲ့ တိုက်ခိုက်လုပ်ကြံ ခံရတာဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်တွေက ပြောထားတာပါ။

ဗြိတိန်ရဲ့ ရန်စတဲ့လုပ်ရပ်နဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို တုန့်ပြန်ပြီး ဗြိတိန်သံတမန်တွေကို ပြည်နှင်ဒဏ် ပေးလိုက်တာလို့ ရုရှားက ပြောပါတယ်။ ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Laurie Bristow ကို ရုရှားနိုင်ငံခြားရေးဌာနက ဆင့်ခေါ်ခဲ့ပြီးနောက် ထုတ်ပြန်တဲ့ ရုရှားရဲ့ ကြေညာချက်ထဲမှာ ဗြိတိန် သံတမန်တွေကို သီတင်းတပတ်အတွင်း နိုင်ငံတွင်းကနေ ထွက်သွားဖို့နဲ့ သူတို့ကို မလိုလားအပ်တဲ့ သူတွေဆိုပြီး ဖေါ်ပြထားပါတယ်။ ရုရှားနိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ British Council ရဲ့ လုပ်ငန်းဆောင်တာ တွေကိုလည်း ရပ်ပစ်ဖို့ ဆုံးဖြတ် ခဲ့ကြောင်းလည်း ရုရှားက ပြောပါတယ်။ ဒါ့အပြင် Saint Petersburg မြို့မှာ ကောင်စစ်ဝန်ရုံး ထပ်မံဖွင့်လှစ်ဖို့ ဗြိတိန်ကို ခွင့်ပြုထားတာကိုလည်း ရုရှားက ပယ်ချခဲ့ပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တဲ့ ကိစ္စရပ်တွေမှာ အဆင်မပြေမှု ရှိနေတာတွေကို အာရုံလွှဲပြောင်းတဲ့အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဟာ အခုလို ရုရှားအပေါ် မလိုမုန်းထား ဆောင်ရွက်တာဖြစ်ပြီး ဒါဟာ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Levrov က ဒီသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။