ဆီးရီးယားမှာ တာဝန်ယူခဲ့တဲ့ ရုရှားဗိုလ်ချုပ်ကြီး ယူကရိန်းရောက် ရုရှားတပ်များကို ကွပ်ကဲမည်

ရုရှားသမ္မတ Vladimir Putin နဲ့ အတူတွေ့ရတဲ့ ဗိုလ်ချုပ်ကြီး Alexander Dvornikov (ယာ)။ (မတ် ၁၇၊ ၂၀၁၆)

(Zawgyi / Unicode)

ယူကရိန်းကို အမြန်သိမ်းပိုက်မယ့် ရုရှားရဲ့ အစီအစဉ် အထမမြောက်ဘဲ ဖြစ်နေတဲ့အတွက် ယူကရိန်းအရှေ့ပိုင်းကို ဆက်ပြီးတိုက်ခိုက်ဖို့ တပ်မှူးသစ်တယောက်ကို ရုရှားက ခန့်အပ်ဖို့ ပြင်နေပါတယ်။

အသစ်ခန့်အပ်ဖို့ လျာထားသူဟာ ဆီးရီးယားနဲ့ တခြား စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းသူလို့ သတ်မှတ်ခံရတဲ့ အသက် ၆၀ အရွယ် ဝါရင့် ရုရှားဗိုလ်ချုပ်ကြီး Alexander Dvornikov ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူဟာ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ တပ်တွေကို ပံ့ပိုးပေးဖို့ ၂၀၁၅ မှာ ဆီးရီးယားကို စေလွှတ်တာ ခံခဲ့ရပြီး အဲဒီမှာရှိတဲ့ ရုရှားတပ်တွေကို တနှစ်ကြာ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ သူတာဝန်ထမ်းဆောင်မှုအတွက် ရုရှားသူရဲကောင်းအဖြစ် သတ်မှတ်တာ ခံခဲ့ရသလို လက်ရှိမှာတော့ ရုရှားတောင်ပိုင်း စစ်ဒေသ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ဆီးရီးယားမှာ သူတာဝန်ထမ်းဆောင် ကွပ်ကဲနေချိန်မှာ ဆီးရီးယားသမ္မတကို ဖြုတ်ချဖို့ ကြိုးစားသူတွေကို ဟန့်တားဖို့ အရပ်သားတွေ နေထိုင်ရာ နေရာနဲ့ ဆေးရုံတွေကို ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်တယ်လို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ Rami Abdulrahman ကတော့ ဆီးရီးယားမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိသူဟာ Bashar al-Assad တယောက်တည်းမဟုတ်ဘဲ ရုရှားဗိုလ်ချုပ်ကြီးကိုပါ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားမှာ တာဝန်ယူခဲ့တဲ့ ရုရှားဗိုလ်ချုပ်ကြီး ယူကရိန်းရောက် ရုရှားတပ်များကို ကွပ်ကဲမည်

----------------------------

(Unicode)





