ရုရှားသမ္မတပူတင် မြောက်ကိုရီးယားဆိုက်ရောက်

ရုရှားသမ္မပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျိုံအွန်းက ပြုံယမ်းလေဆိပ်မှာ ခရီးဦးကြိုပြုပြီး တွေ့ဆုံနှုတ်ဆက်စဥ်။ (ဇွန် ၁၈၊ ၂၀၂၄)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံကို အခု ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ ဆိုက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်းမှာတော့ မြောက်ကိုရီးယားနဲ့ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးကြမယ်လို့‌ မျှော်လင့်ရပါတယ်။

အခုခရီးစဉ်ဟာ ရုရှားသမ္မတဦးအနေနဲ့ မြောက်ကိုရီယားနိုင်ငံကို ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို ရုရှားသမ္မတရောက်ရှိလာချိန်မှာတော့ ပြုံယမ်းမြို့ရဲ့ အဓိကလမ်းမကြီးအတော်များများမှာ ရုရှားသမ္မတပူတင်နဲ့ ရုရှားနိုင်ငံအလံတွေကို စီတန်းစိုက်ထူထားတယ်လို့ ရုရှားသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

နှစ်ရက်ကြာမယ့် အခုခရီးစဉ်အတွင်းမှာတော့ မြောက်ကိုရီးယားနဲ့ ရုရှားအကြား အလုံးစုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တရပ်ကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ လက်မှတ်ထိုးဖို့ ရုရှားသမ္မတပူတင်က ဆုံးဖြတ်ထားတယ်လို့ TASS ရုရှားသတင်းဌာနက ပြောပါတယ်။ ဒီသဘောတူညီချက်ထဲမှာ ဘယ်အကြောင်းအရာတွေပါသလဲဆိုတဲ့ အသေးစိတ်ကို အဲဒီသတင်းမှာ မဖော်ပြပေမယ့်လို့ ကာကွယ်ရေးကိစ္စရပ်တွေ ပါဝင်နိုင်ခြေရှိတယ်လို့ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒလက်ထောက်တဦးကို ကိုးကားပြီး အစောပိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တန်ပြန်ဖို့ မြောက်ကိုရီးယားနဲ့အတူလက်တွဲဆောင်ရွက်မယ်လို့ ရုရှားသမ္မတက ကြုံးဝါးပြောဆိုထားတဲ့စာတစောင်ကို မြောက်ကိုရီးယားသတင်းတွေမှာ အင်္ဂါနေ့အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ အနောက်နိုင်ငံတွေထိန်းချုပ်လို့မရနိုင်တဲ့ ကုန်သွယ်ရေးစနစ်တရပ်ထူထောင်ပြီး တရားမဝင်တဲ့တဖက်သတ်ကန့်သတ်မှုတွေကို အတူ ရင်ဆိုင်ဆန့်ကျင်သွားမယ်လို့ အဲဒီစာထဲ ရုရှားသမ္မတက ပြောထားပါတယ်။

Your browser doesn’t support HTML5

ရုရှားသမ္မတပူတင် မြောက်ကိုရီးယားဆိုက်ရောက်