ကနီမြို့၊ ဝင်မနားရဲစခန်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးဒေသခံများ အဆက်အသွယ်မရ

တိုက်ပွဲတွေကြောင့် တောတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကနီဒေသခံအချို့။

(Zawgyi / Unicode)

စစ်ကောင်စီ တပ်စွဲထားတဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ် ဝင်မနားကျေးရွာအုပ်စု ဝင်မနားရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဘင်ကျေးရွာနဲ့ အုတ်နဲဘုတ် ကျေးရွာက ဒေသခံတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်လို့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ကနီနယ်ထဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ကနီမြို့နယ်၊ ဝင်မနားကျေးရွာအုပ်စု၊ ဝင်မနားရဲစခန်းကို ဖေဖော်ဝါရီ ၄ ရက် သောကြာနေ့ညပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

“ဖြစ်ပုံက ဝင်မနားမှာ လွန်ခဲ့တဲ့ နှစ်လကျော် သုံးလလောက်က ရဲစခန်းနဲ့ပေါင်းပြီး တပ်အထိုင်ချထားတဲ့ အင်အား ၅၀ ခန့်ရှိတယ်။ တနေ့ကမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတကြောင်းပေါ့၊ အင်အား ၁၀၀ ကျော်လောက်က ဝင်မနားစခန်းကို အထိုင်လာချတယ်။ ဝင်မနားစခန်းနဲ့ စာသင်ကြောင်းမှာ အထိုင်ချနေတဲ့အချိန်မှာ PDF ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပြီးတော့ တိုက်ခိုက်တာခင်ဗျ။ တော်တော်လေး ပြင်းထန်တယ်ခင်ဗျ။ ၁၀ နာရီခွဲလောက်ကနေ ၁၂ ခွဲထိဆိုတော့ အချိန်က ၂ နာရီကျော်ကျော်လောက်ကို ကြာသွားတယ်။ နှစ်ဖက် ညှပ်တိုက်ပြီးမှ ပစ်ခတ်တာဆိုတော့ ကျနော်တို့ PDF တွေဘက်ကလည်း တပ်စခန်းကို သိမ်းယူလုလု အခြေအနေထိကို ရောက်သွားတယ်ခင်ဗျ။ သိမ်းတော့ မသိမ်းမိနိုင်ခဲ့ဘူး။ သို့ပေမယ့် အကျအဆုံးက သူတို့ဆီက တော်တော်များများ ကျဆုံးလိမ့်မယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း ၁၂ ဦး ဒဏ်ရာရတယ်။ ၂ ဦးကျတယ်၊ ၂ ဦးက ပျောက်နေဆဲဆိုတော့ ကျတယ်ပဲပြောရမှာပေါ့။ ကျနော်တို့ဘက်က အဲ့လိုတော့ရှိတယ်။”

အခုလို စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒေသခံ ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းတွေ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းမှာလည်း မကွေးတိုင်း ဆောမြို့နယ် ရဲစခန်းနဲ့ လောင်းရှည်ကျေးရွာ ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဒီအတောအတွင်းမှာပဲ ကနီနယ်နဲ့ မင်းကင်းနယ်ကြားက ဘင်ကျေးရွာကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရင်း နေအိမ်တွေ မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ခဲ့ပြီး ဘင်ကျေးရွာနဲ့ အုတ်နဲဘုတ်ကျေးရွာသားတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ အခုချိန်ထိ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဘင်က ၃၅ ယောက်၊ အုတ်နဲဘုတ်က ၂ ယောက်၊ အသက်ကြီးရွယ်အိုတွေလည်း များတယ်။ ၆၀၊ ၇၀ ပတ်ချာလည်က ၆ ယောက် ၇ ယောက်လောက်ရှိတယ်။ ၄၀၊ ၅၀ ပတ်ဝန်းကျင်ကလည်း ရှိတယ်။ အများဆုံးက လူငယ်ပိုင်းတွေများတယ်။ ဘိုးဘွားတွေကို ငဲ့ညှာပြီး ပုန်းတဲ့သူတွေဆိုတော့ ပါသွားတယ်။ အမျိုးသမီးတွေ၊ ဆရာ ဆရာမတွေလည်း ပါတယ်ပေါ့။ ဘိုင်အနောက်တောမှာ အဲ့ကျေးရွာမှာ သူတို့ကို ချထားခဲ့တယ်လို့ သတင်းရတယ်။ ဒါပေမယ့် တိကျခိုင်မာမှုတော့ မရှိဘူးပေါ့ဗျာ။ အဓိကက သူတို့ကို သွားမခေါ်ရဲတာတော့ မဟုတ်ဘူး။ သူတို့ရှိမှန်း မရှိမှန်း ၁၀၀ ရာခိုင်နှုန်း မသေချာတဲ့သတင်းက သတင်းပဲရတာ၊ သူတို့နဲ့ တိုက်ရိုက် အဆက်အသွယ်က မရှိဘူး။”

ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ ကနီနယ်ထဲကို စစ်ကောင်စီက ရေကြောင်းရော ကုန်းကြောင်းကနေပါ နယ်မြေရှင်းလင်းရေးတွေလုပ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

-------------------------

(Unicode)







