စစ်ကိုင်းတိုင်း ကြွယ်ပုံကျေးရွာအနီးတိုက်ပွဲ အရပ်သားတချို့သေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း PDF (Photo: Homalin People’s Defense Force-HPDF 124 facebook )

စစ်ကိုင်းမြို့ ကြွယ်ပုံကျေးရွာအနီးမှာ မော်တော်ယာဉ်တစီးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တာကြောင့်လူသေဆုံးမှုရှိပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်း တောင်သာမြို့ဘက်မှာတော့ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့တချို့ သေဆုံးတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွင်း စစ်ရေးပဋိပက္ခအခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးပြောပြထားပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက ကြွယ်ပုံကျေးရွာအနီးမှာ စက်တင်ဘာ ၁၈ ရက်မနက်ပိုင်း ကျေးရွာအတွင်းကထွက်လာတဲ့ မော်တော်ယာဉ် ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ တောင်ယာလုပ်ဖို့ သွားတဲ့ အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ကြွယ်ပုံကျေးရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးကျေးရွာတရွာဖြစ်သလိုပစ်ခတ်မှုဖြစ်ချိန် ကားပေါ်မှာ လက်နက်ကိုင်ဆောင်သူတွေပါဝင်လာပြီး ပြန်လည်ပစ်ခတ်တဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

"သေနတ်လုံခြုံရေးနဲ့ အဲ့ပျူရွာထဲကသူတွေပေါ့။ အမျိုးသား အမျိုးသမီးအကုန်ပါတယ်။ တကယ်တော့ သူတို့ (စစ်ကောင်စီ) က အမျိုးသမီးတွေပဲရွေးထားတာ။ အမျိုးသားတွေလည်း ပါတယ်။ ဒီဘက်တော်လှန်ရေး အင်အားစုဘက်ကချုံခိုပြီး ချောင်းပြီးတော့ တိုက်ခိုက်တာပေါ့။ ကျနော်တို့က တောင်သူလုပ်တယ်ဘာညာဆိုတာမသိဘူးလေ။ သူတို့ထဲကထွက်လာရင် စကစ ဝင်းထဲလည်း သူတို့သွားတယ်။ ထောက်ပို့ဘာညာ လုပ်တာတွေတို့။ အဲ့သေဆုံးသူတွေ ဘယ်သူပါမှန်းမသိဘူး။ မိုင်းထောင်ထားတာကို။ လာတော့ မိုင်းဆွဲလိုက်တော့ အဲ့ဘက်ကလည်း ပြန်လည်ခုခံပစ်တာဆိုတော့ ကျနော်တို့က အဲ့မှာတင် ထိတွေ့တိုက်ပွဲဖြစ်တာ။ သေနတ်နှစ်လက်လည်း ရတယ်။ ပါလာတဲ့သူ အကုန်လုံးလည်း သေဆုံးသွားတယ်ပေါ့။"

ကြွယ်ပုံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၃ ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး တပ်ဖွဲ့ဝင်တွေဘက်က ကျဆုံးတာတွေရှိခဲ့သလို ရွာထဲမှာ ခံတပ် ကတုတ်ကျင်း အခိုင်အမာ ပြုလုပ်ထားတယ်လို့ဆိုပါတယ်။

ကြွယ်ပုံကျေးရွာအနီးမှာလည်း အခြားကျေးရွာတွေလည်းရှိပြီး တောင်ယာလုပ်ကိုင်တဲ့ဒေသခံတွေကို ပျူစောထီးတွေက ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေရှိတဲ့အတွက် သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း တောင်သာဘက်မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားနှစ်ဦးနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်ကမနက်ပိုင်းမှာ တောင်သာမြို့နယ်ခြုံကြီး(သာယာကြီး) ကျေးရွာကို စစ်တပ်ဘက်က ဝင်ရောက် စီးနင်းခဲ့တာပါ။ ဝင်ရောက်စီးနင်းပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ တောင်သာဒေသခံတဦးက ပြောပါတယ်။

"ဝင်စီးတော့ ပြည်သူကာကွယ်ရေး ရဲဘော်က အကုန်လုံး ၅ ယောက်ပေါ့နော် မိသွားတယ်။ မိသွားတော့ သူတို့ကို ရွာထဲတင်ပစ်သတ်ပြီးတော့ ဇရပ်ပေါ်တင်ထားသွားတာပေါ့။ အဲ့အချိန်မှာ ဒီဘက်ကလည်း သူတို့ကိုပြန်ဝိုင်းတော့ သူတို့ကထွက်ပေါက်ပိတ်နေတော့ လေယာဉ် ၂ စီးနဲ့ လာပြီးတော့ ဗုံး ၅ လုံးကြဲပြီးတော့ သူတို့က စက်သေနတ်တွေနဲ့ပစ်ပြီးတော့အဲ့မှာ ကိုယ်ဝန်သည်မိန်းမတဦးနဲ့ အဖွားကြီးတဦး ဆုံးသွားတယ်။ အဲ့ဒါကတော့ ပြည်သူ ၂ ယောက်ပေါ့နော်။ ဗုံးစမှန်ပြီးတော့ သေတာ။"

စစ်ကြောင်းထိုးပြီး စစ်ကောင်စီ စစ်ကြောင်းဟာ တောင်သာမြို့ဘက်ကို ပြန်လည်ဆုတ်ခွါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအနေနဲ့ မြင်းခြံခရိုင်ထဲမှာရှိတဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေကြတာလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ကိုင်းတိုင်း ကြွယ်ပုံကျေးရွာအနီးတိုက်ပွဲ အရပ်သားတချို့သေဆုံး