တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒေသခံတော်လှန်ရေး PDF ပူးပေါင်းတပ်ဖွဲ့များ (Crd: KNU)

မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသတွေ ထပ်တိုးလာနေချိန် မွန်ပြည်နယ်မှာလည်း ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာ လုံခြုံရေး ပိုပြီးတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မအိသန့်စင် ပြောပြမှာပါ။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျေးရွာရဲစခန်းနဲ့ ချောင်းနှစ်ခွ တံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်တာကနေ စစ်ကောင်စီနဲ့ အပြန်အလှန် တိုက်ပွဲတွေ စတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာပဲ မွန်ပြည်နယ်က နေရာအတော် များများမှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အားတွေ တိုးချထားပြီး၊ မြို့ပေါ်တွေမှာလည်း ညပိုင်း အချိန်တွေမှာ ပိုပြီးစစ်ဆေး လာတယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။

"မော်လမြိုင် အဝင်အထွက်ကတော့ ဒီကျိုက်မရောဘက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ဆေးတာတွေ ကြမ်းလာတယ်။ နောက် မြို့ထဲမှာဆို လမ်းတွေပေါ် ဆိုင်ကယ်တွေ၊ ကားတွေကို ညဘက်တွေ အဖွဲ့လိုက်စစ်တာတွေ များလာတယ်။ မြို့အနီးတဝိုက်ကတော့ ပိုပြီးကြမ်းလာတာပေါ့။ ကျိုက်မရောဘက် ဝင်ပေါက်တွေဆို စစ်ဆေးတာ ပိုဆိုးလာတယ်။ စစ်ဆေးရေးဂိတ်တွေဆို အားပိုဖြည့်ထားကြတယ်။"

မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုများတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က အင်အားတိုး ချထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လမြိုင်မြို့ပေါ်မှာ အခုနောက်ပိုင်း ကင်းလှည့်တဲ့ကားတွေကိုကြည့်ရင် လုံခြုံရေးယာဉ်တန်း သဘောမျိုး မဟုတ်တော့ဘဲ အိမ်စီးကားတွေနဲ့သာ စစ်ကောင်စီဘက်က လှည့်လည်စစ်ဆေးတာတွေတွေ့လာရ တယ်လို့ ပြောပါတယ်။

"သူတို့တွေက အခုနောက်ပိုင်း လုံခြုံရေးယာဉ်တန်းနဲ့ မသွားတော့ဘူး။ ညဘက်တွေဆို အိမ်စီးကား တွေနဲ့ လှည့်နေတယ်။ သူတို့ ရဲကား၊ စစ်ကားတွေနဲ့ မလှည့်ဘူး။ အိမ်စီးကားနဲ့ လှည့်တဲ့အနေအထား ရှိနေတယ်။"

ဝင်ရောက်တိုက်ခိုက်ခံရတဲ့ ချောင်းနှစ်ခွ ကျေးရွာ ရဲစခန်းနဲ့ တံတားဂိတ်ကို တော်လှန်ရေး အင်အားစု တွေ ဘက်က သိမ်းပိုက်ထားပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ချောင်းနှစ်ခွကို စစ်ကြောင်းထိုး လာတဲ့ တပ်မ ၂၂ နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းမှူးနဲ့ အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး၊ ၂၃ ဦးက လက်နက်ချခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲစတင် ဖြစ်ပွားချိန်မှာ လမ်းအသွားအလာ ပိတ်လိုက်ပြီး၊ အခုနောက်ပိုင်းမှာ ပြန်ဖွင့်ပေး လိုက်ပေမယ့် ဒေသခံတွေ အရင်လို သွားလာရ မလွတ်လပ်တော့ဘူးလို့ ချောင်းနှစ်ခွနဲ့ ကပ်လျက်မှာ ရှိတဲ့ တောင်ကလေး ကျေးရွာခံ တဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပထမတုန်းကတော့ လမ်းတွေပိတ်တာပေါ့နော်။ နောက်ကျတော့လည်း လမ်းကြောင်းက ဖွင့်ပေးပါတယ်။ ဖွင့်တော့လည်းပဲ ဒါပေမဲ့ လုံခြုံရေးထားပြီး ဖွင့်တာပေါ့။ အရင်တုန်းကလိုမျိုးတော့ လွတ်လွတ်လပ်လပ် မရှိပါဘူး။"

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပွားတဲ့ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂၂ ဦး သေဆုံးပြီး၊ လက်နက်ချ အညံ့ခံသူ ၂၈ ဦး ရှိခဲ့တယ်လို့ အထူးစစ်ဆင်ရေး တပ်ဖွဲ့ S.O.F က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အဖွဲ့ဝင်တွေဆီက လက်နက် ၅၅ လက်ကိုလည်း ရရှိခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ သတင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။