ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ ရာချီ ထွက်ပြေးနေရ

မှတ်တမ်းဓါတ်ပုံ- ၂၀၁၆ နိုဝင်ဘာတုန်းက ထွက်ပြေးလာကြတဲ့ ရှမ်းဒုက္ခသည်များ

(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ခေါ် RCSS နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

တပ်မတော်နဲ့ RCSS တို့အကြား ဒီလဆန်းပိုင်းကစတင်ပြီး ၂ဘက် စစ်ရေးတင်းမာမှုတွေ ရှိနေရာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပြီး ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ လောက်အကွာ ပုံဝိုးရွာနဲ့ အနီးအနားတဝိုက်မှာ တိမ်းရှောင်နေကြရကြောင်းလည်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က VOA ကို အခုလို ပြောပါတယ်။

“ သုံး၊ လေးရက်ရှိပြီ တိုက်ပွဲဖြစ်နေတာ။ ကျောက်မဲ တောင်ဘက်ခြမ်းပေါ့။ ပုံဝိုး၊ ကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာဖြစ်နေတာ။ ကားလမ်းတစ်လျှောက်လည်း ဖြစ်နေတယ်လေ။ ခုလည်း ချနေတာပဲ။ ကြားနေရတယ်လေ။ လက်နက်ကြီးတွေ၊ လက်နက်ကြီးက ကြည့်ရတာ စစ်တပ်က ဝင်ပြီး သူတို့ သွားတိုက်တော့ သူတို့က ထွက်လာပြီးတော့မှ စစ်ကူတွေ ဟန့်တားတဲ့ သဘောပေါ့။ သီပေါနဲ့ ကျောက်မဲကြားမှာလည်း ဖြစ်နေတယ်။ ကျနော်တို့ ကျောက်မဲနဲ့ နောင်ချို အထွက်ဘက်မှာလည်းဖြစ်နေတယ်။ ဒုက္ခသည်လည်း ကိုးရာ၊ တစ်ထောင်လောက်ရှိနေပြီ။ ကျနော်တို့ သိရသလောက်တော့ ပုံဝိုးမှာနေတယ်။ ဘုန်းကြီးကျောင်းမှာ အများဆုံး။ ပြီးတော့ ခန့်ခဲတို့ အဲဒီဘုန်းကြီးကျောင်းမှာ စုနေနေကြတယ်။ ”

ဒီတပတ်ထဲ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ကြရတဲ့ ဒေသခံတွေ ခန့်မှန်းခြေ ၁၀၀၀ ကျော် ရှိတယ်လို့လည်း ဒုက္ခသည်တွေကို သွားရောက်ကူညီနေတဲ့ ကျောက်မဲမြို့ နမ့်ခုံးပရဟိတအဖွဲ့က ဦးစိုင်းပူးကပြောပါတယ်။

“ အခု ပုံဝိုးမှာက လူဦးရေ ၄၀၀ ကျော်ရှိတယ်။ နောက်ပြီးတော့ ဒီ နားစောင်းမှာလည်း ၁၀၀တော့ ရှိတယ်။ နောက်ပြီးတော့ ဒီ ခန့်ခဲ၊ တောင်ထိပ်၊ နမ့်မအင်းနားက အားလုံးပေါင်း ၇၀၀လောက်ရှိမှာပေါ့။ အားလုံးပေါင်း ၁၀၀၀ ကျော် ။ ၁၀၀၀တော့ ကျော်သွားပြီဗျ။ တိုက်ပွဲက ဒီနေ့ ထိအောင်တော့ မငြိမ်သေးဘူးဗျ။ ဒီနေ့တောင်မှ ပြီးခဲ့တဲ့ နာရီဝက်လောက်ကပေါ့။ စခန်းသာရွာမှာဖြစ်တယ်။ စစ်ကြောင်းတွေကလည်း တောက်လျောက် ထိုးနေတယ်ပေါ့နော်။ ”

တပ်မတော်ဘက်ကတော့ RCSS တပ်ဖွဲ့ဟာ Bilateral ခေါ် နှစ်ဘက် သဘောတူစာချုပ်အရ သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မုန်းတော့၊ မုန်းထားနဲ့ ဟိုမိန်းဒေသကနေ နယ်မြေကျော်လွန်လှုပ်ရှားတာကြောင့် တိုက်ပွဲဖြစ်ရကြောင်း ပြောဆိုထားပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးကတော့ နှစ်ဘက် သဘောတူစာချုပ်မှာ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့ နယ်မြေကို အတိအကျ သတ်မှတ်မထားကြောင်း ပြောပါတယ်။

ဒီအချက်ကို NCA စာချုပ်အရ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ NCA စာချုပ်ထဲမှာ RCSS တပ်ဖွဲ့က တောင်ပိုင်းမှာပဲ ရှိနေရမယ်ဆိုတာ တစ်ချက်မှ မပါရှိဘူး။ သဘောတူညီ ထားတာလည်း မရှိဘူး။ ပြီးတော့ NCA ထဲမှာက တပ်နေရာချထားရေးနဲ့ ပတ်သက်ရင် နောင် နိုင်ငံရေးဆွေးနွေးပြီးသွားတဲ့နောက် လုံခြုံရေးကဏ္ဍ ဆွေးနွေးတဲ့နေရာမှာ တပ်နေရာချထားရေးဆိုတာ ထည့်ဝင်ပြီးတော့ ဆွေးနွေးကြရမယ်ဆိုတာ အဲလောက်ပဲ ပါတယ်လေ။ အပစ်အခတ်ရပ်စဲတာနဲ့ NCA စာချုပ် လက်မှတ် ထိုးတာနဲ့ ရှိရင်းစွဲနေရာ ဆက်မတိုးဖို့ အဲလောက်ပဲ နားလည်ထားတာပေါ့နော။”

လောလောဆည်မှာတော့ တပ်မတော်နဲ့ RCSS အကြားမှာ လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးတာ မရှိသေးပါဘူး။

ဒီလ ၄ရက်နေ့ကတော့ ခန့်ခဲကျေးရွာအတွင်းကို လက်နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲလို့ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ RCSS က ပစ်ခတ်တာဖြစ်ကြောင်းလည်း တပ်မတေ်ာ သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။

ဒီလ ၆ရက်နေ့ကလည်း လားရှိုးမြို့နယ် ပန်နန် ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း နဲ့ ၃ရက်နေ့က တာမိုးညဲဘက်မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA ခေါ် တအန်း(ပလောင်) အဖွဲ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဒီလ အစောပိုင်းမှာလည်း မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း) ဘက်မှာ အစိုးရစစ်တပ်နဲ့ KIA အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် တပ်မတော်ဘက်က အောက်တိုဘာလ ၁ရက်နေ့ကနေ တတိယအကြိမ် တစ်လတာ အပစ်အခတ်ရပ်စဲရေး ထပ်မံတိုးမြှင့်ထားချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံရာချီ ထွက်ပြေးနေရ


...............

(Unicode)













