သထုံမြို့ဘက်မှာ ရဲစခန်းဝင်ပစ်သူနှစ်ဦး စစ်ကောင်စီတပ်နဲ့ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံး 

မွန်ပြည်နယ်က စစ်တပ်ဂိတ်တခု ( ဓာတ်ပုံ- Reuters)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပါ တယ်။ သိမ်ဆိပ်ရဲစခန်းကို ဝင်ပစ်တဲ့ ဆိုင်ကယ်သမား နှစ်ဦးနဲ့ စစ်တပ်ကင်းလှည့်ကားတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ ဆိုင်ကယ်သမားတဦး သေဆုံးပြီး တဦးက ဖမ်းဆီးခံရသလို စစ်ကောင်စီဘက်က နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်တဲ့နားမှာ ရှိနေသူတဦးကပြောပါတယ်။ မွန်ပြည်နယ်ထဲမှာ အခုရက်ပိုင်း ပစ်ခတ်မှု၊ ပေါက်ကွဲမှု တွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာကပြောပြပါမယ်။

ဇန်နဝါရီ ၂၀ ရက် ဒီနေ့မနက်ပိုင်းက သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ထဲက သိမ်ဆိပ်ရဲစခန်းကို ဆိုင်ကယ်စီး လူနှစ်ယောက်က ဝင်ပစ်ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်ချိန် စစ်တပ်ကင်းလှည့်ယာဉ်နဲ့ လမ်းမှာ ထိပ်တိုက်တိုးပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။

ဆိုင်ကယ်သမားနှစ်ဦးထဲက တဦး သေဆုံးသွားပြီး ကျန်တဲ့တယောက်က ဖမ်းဆီးခံရသလို စစ်ကောင်စီဘက်က နှစ်ယောက် ဒဏ်ရာခဲ့တယ်လို့ အနီးအနားမှာရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်ပြီးတော့ သူတို့က ပြန်ထွက်တာလေ။ သူတို့က နယ်မြေခံ မဟုတ်လို့လားတော့ မသိဘူး။ သူတို့လမ်းမကျွမ်းဘူးလေ။ အဲ့ သူတို့ လာတဲ့လမ်းအတိုင်းပဲ သူတို့ပြန်သွားတာ။ ပြန်ထွက်တဲ့အခါကျတော့ ဟိုက ကင်းလှည့်တဲ့ အဲ့ဒီစစ်ကားနဲ့ တည့်တည့်တိုး တာ အဲ့ဒါမျိုး တိုးတဲ့အခါကျ အဲ့ဒါက စစ်သား သူတို့ကို ပစ်တာပေါ့နော်။ ပစ်တော့ အဲ့ဒီဆိုင်ကယ်ပေါ်က နှစ်ယောက်က တယောက်က ဆုံးသွားတယ်။ အဲ့ဒီစစ်ကားပေါ်မှာကျတော့ စစ်သားနှစ်ယောက်က တယောက် နောက်စိလား လည်ပင်းလား မသိဘူး ထိသွားတာ တယောက်က ခါးထိတယ်။ အဲ့စစ်သားနှစ်ယောက်ကျတော့ ဆေးရုံရောက်သွားတာပေါ့။ ပြီးတော့ အဲ့ဒီဆိုင်ကယ်သမား နှစ်ယောက်ထဲမှာကျတော့ တယောက်ဆုံးသွားတယ်။ တယောက်ကျတော့ စစ်သားတွေက ဖမ်းလိုက်တယ်။”

ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ဆို့ စစ်ဆေးခဲ့ကြပါတယ်။ ရွာကြာကျေးရွာ၊ ဝင်းပကျေးရွာဘက်တွေလည်း လမ်းပိတ်စစ်ဆေးနေပြီး တချို့နေရာမှာ ကင်းပုန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်ထဲကပဲ မြေနီကုန်းကျေးရွာအနားက ဓါတ်ငွေ့ပိုက်လိုင်းနားမှာ မိုင်းထောင်တိုက်ခိုက်လို့ ပိုက်လိုင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

မော်လမြိုင်မြို့ မုပွန်ရပ်ကွက်က မီတာရုံးမှာလည်း ဒီနေ့ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ခုလို

အခြေအနေတွေကြောင့် မော်လမြိုင်မြို့ တမြို့လုံးမှာ လုံခြုံရေးတင်းကြပ်နေတယ်လို့ မြို့ခံကပြောပါတယ်။

“လုံခြုံရေးကတော့ ဒီရဲတပ်ဖွဲ့ကားတွေ လှည့်နေတယ်။ ဒါပုံမှန်ပဲပေါ့။ အင်အားပုံမှန်လောက်နဲ့ပဲ လှည့်တယ်။ တမို့လုံးမှာ ကတော့ CCTV ကင်မရာကြီးတွေက လမ်းဆုံလမ်းခွတွေမှာ တပ်ထားတယ်လေ။ စုံလည် ကင်မရာကြီးနဲ့။ ဒီနေ့မနက်ကတော့ ဗုံးပေါက်ကွဲမှုဖြစ်တယ်။ မုပွန်ရပ်ကွက် ဘူတာဟောင်းပေါ့နော်၊ မော်လမြိုင်ဘူတာဟောင်းရှေ့က မီတာရုံး ဗုံးပေါက်ကွဲတာ ၉ နာရီ ၁၅ လောက်မှာ အင်္ဂါနေ့ ညပိုင်း ၇ နာရီလောက်က အဝေးပြေးကားဂိတ်အနီးမှာ ပေါက်ကွဲမှုတခုရှိတယ်။”

ချောင်းဆုံမြို့နယ်ထဲမှာလည်း ဇန်နဝါရီ ၁၈ ရက်နေ့ အင်္ဂါနေ့က ပစ်ခတ်မှုတခုဖြစ်ခဲ့ပြီး ဘီးလူးကျွန်း-ချောင်းဆုံ တံတားကို လုံခြုံရေးတွေ ပိတ်ဆို့ ရှာဖွေခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အဲ့ဒီ ချောင်းဆုံဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပေါက်ကွဲမှုအသံတွေ ဖြစ်တယ်ဆိုတာ ကြားတယ်။ အဲ့ဒီက ဒေသခံတွေကလည်း ပြောတယ်။ မော်လမြိုင်မှာ အလုပ်လုပ်တော့ ကယ်ရီမောင်းကြတော့ ကယ်ရီသွားရင်းနဲ့ ဟိုဘက်ကမ်းကူးဖို့ လုပ်နေတဲ့အချိန်မှာ ဟိုဘက်ကမ်းကို ကူးလို့မရဘူး။ တံတားကြီးပိတ်နေတယ်။ စုံစမ်းကြည့်လိုက်တော့ ဒီလို ဒီလိုပဲတဲ့ သူတို့ တံတားကိုပိတ်ပြီးတော့ စစ်ဆေးရေးတွေ လုပ်နေတယ်လို့ ပြောလို့တဲ့ အချိန်က တော်တော်ကြာသွားတယ်။ လက်ရှိ တံတားပိတ်တဲ့ အနေအထားနဲ့ သူတို့ လက်ရှိစစ်ဆေးနေတဲ့ အနေအထားရှိတာပေါ့။ ဒီရက်ဆို မော်လမြိုင်နဲ့ ချောင်းဆုံဘက်တွေပေါ့ အနီးအနားဝန်းကျင်မှာ ခါတိုင်းနဲ့ မတူတော့ဘူး စစ်ဆေးရေးတွေ အရမ်းများလာတယ်။ အရင်က ဆိုလို့ရှိရင် နည်းနည်းပါးပါးလောက်ပဲ စစ်တယ်။ အခုကဆိုရှိရင် လျှောက်စစ်တယ်။”

အခုလိုပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေကြားမှာ လုံခြုံရေးအရ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

.......................................................................................

Your browser doesn’t support HTML5

သထုံမြို့ဘက်မှာ ရဲစခန်းဝင်ပစ်သူနှစ်ဦး စစ်ကောင်စီတပ်နဲ့ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံး













