Soleimani သေဆုံးမှုအပေါ် အရှေ့အလယ်ပိုင်းဒေသ တုံ့ပြန်ချက်များ ကွဲပြား

အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးခြင်းအပေါ် ဝမ်းနည်းငိုကြွေးနေသည့် ကလေးငယ်တဦး

(Zawgyi / Unicode)

အီရတ်နိုင်ငံအတွင်း အမေရိကန်တို့ တိုက်ခိုက်လို့ အီရန်နိုင်ငံရဲ့ ထိပ်တန်း တပ်မှူး ကျဆုံးရတာကြောင့် အမေရိကန်ကို လက်စားချေ တုံ့ပြန်မယ်လို့ အီရန် ထိပ်တန်း ခေါင်းဆောင်းတွေ ကြုံးဝါးပြောဆိုနေပါတယ်။

ဘဂ္ဂဒက်မြို့က အီရတ်နိုင်ငံသား တော်တော်များများကတော့ ဒီ သေဆုံးမှုသတင်း ကြားရပြီးတဲ့နောက်မှာ လမ်းတွေပေါ်ထွက်ပြီး အောင်ပွဲသဖွယ် ဆင်နွှဲနေကြပါတယ်။ ဒီတပ်မှူး သေဆုံးမှု အပေါ် ဆွန်နီ မူဆလင်တွေ တော်တော်များများ နေထိုင်ကြတဲ့နိုင်ငံတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အကောင်းမြင် တုံ့ပြန်ခဲ့ကြပြီး ရှီးယားးတွေရဲ့ တုန်ပြန့်မှု ကတော့ တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ဗွီအိုအေ သတင်းထောက် Edward Yeranian ကိုင်ရိုမြို့ သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်း က ပြောပြပေးပါမယ်။

အမေရိကန်တို့ ဘဂ္ဂဒက်လေဆိပ်အနီးလေကြောင်းက တိုက်ခိုက်လို့သေဆုံးခဲ့ရတဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Qasem Soleimani ရဲ့ မွေးရပ်ဇာတိမြို့ Kerman မြို့မှာ အီရန်ပြည်သူထောင်ပေါင်းများစွာတို့ လမ်းတွေပေါ်ထွက်ပြီး ပူဆွေးမှုနဲ့ သူတို့ဒေါသကို ပြသခဲ့ကြ ပါတယ်။

အီရန် ခေါင်းဆောင်တွေကလည်း အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန် ကလဲ့စား ချေမယ်ဆိုပြီး ကြုံးဝါး ပြောဆိုနေပါတယ်။ အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ပြောခွင့်ရ Ramadan Sharif တစ်ယောက်ကတော့ ရုပ်မြင်သံကြား အင်တာဗျူးမှာ သတင်းထောက်ရဲ့ အမေးကို မဖြေနိုင်ပဲ မျက်ရည်မဆည်နိုင် ဖြစ်နေတဲ့ကြားက အခုလို ပြောပါတယ်။

“အမေရိကန်နဲ့ အစ္စရေးလ်တို့တစ်တွေ အခုလို ပျော်ရွှင် အောင်ပွဲခံနေတာ သိပ်ကြာကြာ ခံမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကျေနပ်အားရမှုတွေ သိပ် မကြာခင်မှာ ဝမ်းနည်းပူဆွေးတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။”

သူ့နည်းတူ အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei ကလည်း ခပ်ကြမ်းကြမ်းတုံ့ပြန် ကလဲ့စားချေမယ်လို့ ကြုံးဝါးလိုက်ပြီး သူအားထား ရတဲ့လက်ထောက်တပ်မှူး သေဆုံးမှုအတွက် နိုင်ငံအတွင်း ဝမ်းနည်းပူဆွေးဖွယ်နေ့ကို ၃ ရက်တာ ခွင့်ပြု ကျင်းပခဲ့ပါတယ်။ သမ္မတ Hassan Rouhani ကလည်း ဗိုလ်ချုပ်ကြီး Soleimani ကို ဆုံးရှုံးရမှုကအမေရိကန်နဲ့ထိပ်တိုက်ရင်ဆိုင်နေတဲ့အီရန်ရဲ့ဆန္ဒကို ပိုပြီးအားသန်လာစေတယ် လို့ ဆိုပါတယ်။

ဗိုလ်ချုပ် Soleimani သတင်းကြားရအပြီ အီရတ်နိုင်ငံသားတွေက ဘဂ္ဂဒက် လမ်းတွေပေါ်မှာ ကျေနပ်အားရ အောင်ပွဲခံကြပါတယ်။ အီရတ် သမ္မတ Barham Salih ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး သက်ဆိုင်သူ အားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

အီရတ် အိမ်စောင့် ဝန်ကြီးချုပ် Adel Abdel Amehdi ကတော့ ဒီ တိုက်ခိုက်မှု ဟာ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ ရှိနေဖို့ ချုုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို အကြီးအကျယ် ချိုးဖောက်တာလို့ ဆိုပါတယ်။ အီရတ်က ရှီးယားထိပ်တန်းခေါင်းဆောင် Sheikh Abdul Mehdi Al Karbalaie ကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

“ပြီးခဲ့တဲ့ အပတ်က အီရတ် နယ်စပ်မြို့ Qiam မြို့မှာ လူ၂၅ ယောက် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ လေကြောင်းက တိုက်ခိုက်တာရယ်၊ ဘဂ္ဂဒက်က အမေရိကန် သံရုံးကို တိုက်ခိုက်ခံရတာရယ်၊ Qasem Soleimani ကို သတ်ဖြတ်တာ အားလုံးကို ရှုတ်ချပါတယ်။ ဒီတိုက်ခိုက်မှုတွေ အားလုံးက အီရတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဆိုးဆိုးရွားရွား ချိုးဖောက်တာပါပဲ။”

Qasem Soleimani သတ်ဖြတ်ခံရမှုအပေါ် ဆွန်နီတွေ အများစုရှိတဲ့ အာရပ်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ ပင်လယ်ကွေ့ နိုင်ငံတစ်ချို့က ပြည်သူတွေကတော့ အကောင်းဘက်က တုံ့ပြန်ကြပါတယ်။ ဒါပေမဲ့ လက်ဘနွန်နိုငငံက ဟစ်ဇ်ဘိုလာတွေရဲ့ တုံ့ပြန်မှုက တော့ တော်တော်လေး ကွဲပြားပါတယ်။

“အမေရိကန်နိုင်ငံ ကျဆုံးပါစေ။ အစ္စရေးလ်နိုင်ငံ ကျဆုံးပါစေ။” ဆိုပြီး လက်ဘနွန်က ရှီးယား ဟစ်ဇဘိုလာတွေ ကြွေးကြော်နေတာပါ။

ဗိုလ်ချုပ်ကြီး Qasem Soleimani ဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက လက်ဘနွန်မှာ အတော်ကြာကြာ နေခဲ့ဖူးပြီး အီရန် လိုလားတဲ့ ဟစ်ဇ်ဘိုလာ တပ်တွေကို ဖွဲ့စည်း ထူထောင်ရာမှာ ပါဝင်ခဲ့ပါတယ်။

ဆော်ဒီပိုင် al-Arabiya ရုပ်မြင်သံကြားဌာနကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ထောက်ခံတယ်လို့ ကြေညာခဲ့ပါတယ်။ လေ့လာသုံးသပ်သူ Samir Taqi က အမေရိကန်တို့ဟာ တီဟီရန်မှာ သူတို့ သံရုံး စီးနင်းခံရတုန်းကနဲ့ အီရန် ကိုယ်ပွားတွေက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့တုန်းကကိစ္စတွေမှာတောင် အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ စိတ်မပါ့တပါ ဖြစ်ခဲ့ပေမဲ့ အခုတော့ ပြောင်းလဲကုန်ပြီလို့ ဝေဖန် သုံးသပ်ထားပါတယ် ။

Your browser doesn’t support HTML5

Soleimani သေဆုံးမှုအပေါ် အရှေ့အလယ်ပိုင်းဒေသ တုံ့ပြန်ချက်များ ကွဲပြား


................

(Unicode)











