သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အများစုအနိုင်ရ

ရွေးကောက်ပွဲမှာ လွှတ်တော်နေရာအများစုရခဲ့တဲ့ လက်ရှိ National People's Power (NPP) ရဲ့သမ္မတ အနုရာ ကုမာရ ဒစ္စနာရာကေး (နိုဝင်ဘာ ၁၄၊ ၂၀၂၄)

သီရိလင်္ကာနိုင်ငံမှာ အချိန်စောကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ Anura Kumara Dissanayake (အနုရာ ကုမာရ ဒစ္စနာရာကေး) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။ ဒီနေ့ သောကြာနေ့အထိ မဲ ၆၀ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်မှာ အမျိုးသားပြည်သူ့အာဏာ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မနေ့ ကြာသပတေးနေ့က ရွေးကောက်ပွဲမကျင်းပခင်အထိ လက်ဝဲယိမ်း NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အမတ်နေရာ၃ နေရာသာ ရှိခဲ့တာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲမှာ ခုလို သမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ကအနိုင်ရခဲ့တာကြောင့်ရွေးကောက်ပွဲကတိအတိုင်း ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားမဟုတ်တဲ့ ဒစ္စနာရာကေး ဟာလည်း စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့သူဖြစ်ပါတယ်။ အခု အထွေထွေ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီပေါင်း ၆၉၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ နိုင်ငံ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေရတာဖြစ်ပါတယ်။ အရင်သမ္မတဟောင်း Ranil Wickremesinghe နဲ့ IMF သဘောတူထားတဲ့ ငွေချေးသဘောတူမှုဟာ ပြည်သူတွေအပေါ် ဝန်ပိလွန်းတာကြောင့် သိသာတဲ့ အပြောင်းအလဲတွေနဲ့ သဘောတူညီမှုအသစ် အဆိုပြုမယ်လို့ သမ္မတ Dissanayake (ဒစ္စနာရာကေး) ကရွေးကောက်ပွဲ မဲဆွယ်စဉ်မှာ ကတိပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အများစုအနိုင်ရ