အာဖဂန်အစိုးရသစ် ဖွဲ့စည်းရေး တာလီဘန်ပြင်ဆင်

(Zawgyi / Unicode)

အာဖဂန်နစ္စတန်မှာ စစ်ရေး အောင်မြင်မှုနဲ့ အာဏာပြန်ယူပြီး သီတင်းတပတ်ရှိလာပြီ ဖြစ်တဲ့ တာလီဘန် အဖွဲ့ဘက်က အားလုံးပါဝင်တဲ့ အစ္စလာမ္မစ် အစိုးရ တရပ် ဖြစ်စေရပါမယ်ဆိုပြီး ကတိပြုထားတဲ့ အတိုင်း ဖွဲ့စည်းရေး တာလီဘန် ခေါင်းဆောင်တွေကြားမှာရော၊ နောက် ပြိုင်ဘက်ဟောင်းတွေနဲ့ပါ ဆွေးနွေး နေကြပါတယ်။

အစိုးရသစ် ဖွဲ့စည်းရေး မူဘောင်တွေကို မကြာခင် ကြေညာနိုင်ဖို့ ခန့်မှန်းထားကြောင်းလည်း ကာဘူးလ်မြို့တော်က တာလီဘန် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

အနာဂတ် အုပ်ချုပ်မှု စနစ်နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တာလီဘန် အကြီးတန်း ခေါင်းဆောင်တွေကြား စနေနေ့က ကာဘူးလ်မြို့တော်မှာ ဆွေးနွေးခဲ့ကြကြောင်း တာလီဘန် အဖွဲ့ရဲ့ နိုင်ငံရေး ဆိုင်ရာ ပြောခွင့်ရ Mohamad Naeem က ပြောပါတယ်။ တာလီဘန်ဘက်ကတော့ ဥပဒေကို လေးစားလိုက်နာတဲ့၊ အဂတိလိုက်စားမှု ကင်းရှင်းတဲ့၊ နိုင်ငံသားတိုင်း နိုင်ငံနဲ့ လူထု အတွက် တာဝန်ထမ်းခွင့်ရစေမယ့် အားကောင်းတဲ့ ဗဟိုအုပ်ချုပ်ရေး စနစ် တရပ်ကို လိုလားကြောင်း တာလီဘန် အကြီးတန်း ခေါင်းဆောင် တဦး ဖြစ်တဲ့ Shahabuddin Dilawar က အာဖဂန် ဆွေးနွေး ဘက်တွေကို ပြောကြားခဲ့ကြောင်း ပြောခွင့်ရက ပြောပါတယ်။

အရင် အာဖဂန် အစိုးရမှာ ပါဝင်ခဲ့သူတွေ ဒါမှမဟုတ်လည်း တာဝန်ထမ်းခဲ့ကြသူ အားလုံးကို လွတ်ငြိမ်းခွင့် ထုတ်ပြန်ခဲ့ပြီးနောက်မှာ တာလီဘန်တို့က နိုင်ငံရေး စေ့စပ်ဆွေးနွေးမှုတွေ လုပ်နေတာပါ။ အစိုးရ ဖွဲ့စည်းရေးကို ကြီးကြပ်ဖို့ အတွက် တာလီဘန် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် Mullah Abdul Ghani Baradar လည်း တာလီဘန်တို့ အခိုင်အမာ ထိန်းချုပ်ရာ Kandahar ကနေ ကာဘူးလ်မြို့တော်ကို ရောက်ရှိနေပါတယ်။

ပြည်ပမှာ တိမ်းရှောင်နေတဲ့ သမ္မတ Ashraf Ghani ရဲ့ ညွန့်ပေါင်း မိတ်ဖက် Abdullah Abdullah နဲ့ သမ္မတဟောင်း Hamid Karzai တို့လည်း ပြီးခဲ့တဲ့ ၅ ရက်တာ အတွင်း တာလီဘန် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ Abdullah က စနေနေ့ ဆွေးနွေးပွဲ အပြီးမှာတော့ တာလီဘန် ခေါင်းဆောင်တွေကို Karzai နဲ့ အတူ သူ့နေအိမ်မှာ ကြိုဆို လက်ခံခဲ့ကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

အာဖဂန်အစိုးရသစ် ဖွဲ့စည်းရေး တာလီဘန်ပြင်ဆင်

(Unicode)





