တနင်္သာရီတိုင်းထဲက စစ်ရှောင်တွေအတွက် ဆေးဝါးလိုအပ်ချက်နဲ့ ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ အခုမိုးတွင်းကာလမှာ စစ်ရှောင်နေသူတွေ ငှက်ဖျား၊ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးအပြင် ရေမသန့်တဲ့နောက်ဆက်တွဲ ဝမ်းရောဂါဖြစ်သူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းရန်အပါအဝင် တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ယာယီစစ်ရှောင်တာကနေ သူတို့ရဲ့ရွာတွေဆီ အခုချိန်ထိ မပြန်နိုင်ကြသေးပါဘူး။ အခု မိုးတွင်းကာလမှာ စစ်ရှောင်သူတွေကြား ရာသီတုပ်ကွေးနဲ့ တခြားရောဂါတွေလည်းဖြစ်နေကြပြီး ဆေးဝါးတွေ တော်တော်လေး လိုအပ်နေတယ်လို့ တနင်္သာရီမြို့နယ်က လူသားစာနာအဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။
"အခုဆိုရင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားဖြစ်ကြတာရော၊ ရေကြောင့်ဖြစ်တဲ့ရောဂါ ဝမ်းပျက်ဝမ်းလျှော တွေလည်း တော်တော်များများ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်မှာ ဆေးကလည်းသယ်ရခက်တော့ အရေးကြီးတဲ့ဆေးတွေနဲ့ပဲ မှီဝဲပြီးတော့နေ နေရတယ်ပေါ့နော်။ ငှက်ဖျားဆိုရင် ကျနော်တို့တနင်္သာရီ ကျေးလက်ကျန်းမာရေး ငှက်ဖျားဌာနကနေပြီးတော့ တဆင့်ခံပြန်ယူရတာလည်းရှိတယ်။ ဆေးဝါးကတော့ ကျနော်တို့ဘက်မှာ လုံလောက်မှု လုံးဝမရှိဘူး။ စစ်ရှောင်တွေအတွက်လည်း စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူး။ လောလောဆယ်မှာ ကျနော်တို့ဘက်က အလှူငွေရတဲ့ဟာနဲ့ပဲ တတ်နိုင်သလောက်တော့ ဖြည့်တင်းထားတာပေါ့နော်။"
တိုက်ပွဲကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ အထဲမှာ တနင်္သာရီမြို့နယ်လည်း ပါဝင်ပါတယ်။ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလည်း လိုအပ်နေတာပါ။
"အဓိကတော့ စစ်ရှောင်တွေနဲ့ ပတ်သက်ပြီးတော့ စားနပ်ရိက္ခာလိုတယ်။ နောက်တခုက အခုကာလဆို ယာယီတဲတွေ လိုတယ်။ အခုစစ်ရှောင်နေရတဲ့ ရွာတွေဘက်ကလာရင် ကျနော်တို့ဘက်က အမိုးပေးဖို့ မိုးကာတွေဘာတွေ မရှိဘူးပေါ့နော်။ အဲဒါတွေလိုတယ်။ ထောက်ပံ့ပေးနိုင်ရင်တော့ ပိုပြီးအဆင်ပြေတာပေါ့နော်။ နောက်တခုက ဆေးဝါးတွေလည်းလိုတယ်။"
စစ်ရှောင်သူအများစုဟာ သူတို့ရဲ့ရွာတွေထဲ အချိန်မရွေး လက်နက်ကိုင်ပဋိပက္ခဒဏ် ကြုံတွေ့နိုင်လို့ မပြန်ရဲကြတာပါ။ တချို့စစ်ရှောင်နေတဲ့ နေရာတွေမှာ မိုးဦးကျကာလ ငှက်ဖျားဖြစ်သူ တော်တော်များများရှိခဲ့ပြီး အခုချိန်မှာ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ငှက်ဖျားကတော့ ကျနော်တို့ဘက်မှာ ရှေ့တလကဆို တော်တော်လေးကို ဖြစ်သွားတာပေါ့။ အခုမိုးလည်းရွာနေပြီဆိုတော့ ဆေးဝါးလိုအပ်ချက်ကတော့ တော်တော်လေးရှိတာပေါ့။ ကျနော်တို့ဘက်မှာတော့ အမှန်တိုင်းပြောရရင် စစ်ရှောင်တွေ အတွက်၊ ရွာသားတွေအတွက် ဖြစ်နိုင်မယ်ဆိုရင်တော့ ခြင်ထောင်တွေ လိုချင်တာပေါ့နော်။"
နွေ၊ မိုး၊ ဆောင်း ရာသီတိုင်းမှာ စစ်ရှောင်တွေအတွက် မဖြစ်မနေ အခြေခံလိုအပ်ချက်တွေကလည်း ဆက်တိုက်ရှိနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေကြားက တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းထဲမှာ နေ့စဉ်စစ်ရှောင်နေရသူ ရှိနေတာပါ။ တနင်္သာရီတိုင်း တတိုင်းလုံးမှာ ပြီးခဲ့တဲ့ ဇွန်လက နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ ၅၁,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ တနင်္သာရီတိုင်းထဲက အဖြစ်အပျက်တွေကို မှတ်တမ်းယူနေတဲ့ FE5 တနင်္သာရီက ဖော်ပြထားပါတယ်။ စစ်ကြောင်းထိုး ဝင်ရောက်တာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေပေါ် မူတည်ပြီး စစ်ရှောင်အရေအတွက်က အမြဲတမ်း အပြောင်းအလဲ ရှိနေတယ်လို့လည်း ပြောပါတယ်။
Your browser doesn’t support HTML5