ဘုရင်စနစ် စိန်ခေါ်နေတဲ့ ထိုင်းလူထုဆန္ဒပြပွဲများ

ဘန်ကောက်မြို့က ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတဦးနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ ထိုင်းရဲအရာရှိ။ (စက်တင်ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ဘုရင် Maha Vajiralongkorn ကို ပွင့်လင်းစွာ စိန်ခေါ်တဲ့အနေနဲ့ တနင်္ဂနွေနေ့က ထောင်ချီတဲ့ ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ချီတက်ခဲ့ကြပြီး ဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ချရေး အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်ပြစ်တင်ပြောဆိုရင် အရေးယူခံရမယ်ဆိုတဲ့ ဥပဒေရှိပေမယ့် ထိုင်းဘုရင်စနစ်နဲ့ စစ်တပ်ကြီးစိုးချယ်လှယ်နေတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ဆိုတဲ့ တောင်းဆိုဆန္ဒပြမှုတွေ ဒီ ၂ လတာ ကာလအတွင်း ပိုကြီးထွားလာပါတယ်။ ခုလို ဆန္ဒပြ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ထိုင်းဘုရင့်နန်းတော်က တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ထိုင်းဘုရင်ကလည်း ထိုင်းမှာမရှိဘဲ ဥရောပမှာသာ အနေများနေတာပါ။

SEE ALSO: ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိုင်း လူထုဆန္ဒပြပွဲ အရှိန်မြင့်လာ

ဆန္ဒပြသူတွေကိုတော့ လက်နက်မပါတဲ့ ရာပေါင်းများစွာသော ရဲတွေက အကာအရံတွေနဲ့ ဟန့်တားခဲ့ပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေက ဘုရင့်နန်းတော်ကို ပေးပို့တဲ့ သူတို့တောင်းဆိုချက်ပါ စာတစောင်ကို ရဲလက်ထဲ ပေးအပ်ခဲ့ပြီး အခုလို သာမန်အရပ်သားတွေက နန်းတော်ကို စာရေးသား ပေးပို့နိုင်တာက အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။

စာထဲမှာတော့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့နဲ့ စစ်ဗိုလ်ချုပ်ဟောင်း တဖြစ်လဲ ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ပေးရေး၊ ရွေးကောက်ပွဲအသစ် ကျင်းပပေးရေးနဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲပေးရေးတွေ ပါဝင်ပါတယ်။

နောက်တကြိမ် ဆန္ဒပြပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထပ်လုပ်မယ်လို့ ကြေညာလိုက်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်းတနိုင်လုံး ပြည်သူတွေ အလုပ်ရပ်နားပြီး အဲဒီနေ့မှာ သူတို့နဲ့အတူ ပူးပေါင်းဆန္ဒပြဖို့ ဖိတ်ခေါ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိပြီး Siam Commercial Bank ထိုင်းစီးပွားရေးဘဏ်မှာ ဘုရင့်ဘဏ္ဍာထိန်းအဖွဲ့ရဲ့ ပိုင်ဆိုင်မှု ၂၃ ရာခိုင်နှုန်း ရှိတာကြောင့် အဲဒီဘဏ်မှာ ငွေအပ်နှံထားသူတွေ ပြန်ထုတ်ကြဖို့နဲ့ ရုပ်ရှင်ရုံတွေမှာ ထိုင်းဘုရင့်သီချင်းလာတဲ့အခါ မတ်တပ်ရပ် ဦးညွှတ်တာကို ဆက်မလုပ်ကြဖို့ ဆန္ဒပြသူတွေက ထိုင်းပြည်သူတွေကို တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

ဘုရင်စနစ် စိန်ခေါ်နေတဲ့ ထိုင်းလူထုဆန္ဒပြပွဲများ

----------------

(Unicode)




SEE ALSO: ဘုရင်စနစ်ပြုပြင်ရေး တောင်းဆိုချက်တွေ ရပ်တန့်ဖို့ ထိုင်းတက္ကသိုလ်တွေ ဖိအားပေးခံရ



