(Zawgyi / Unicode)
ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနေရာမှာ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ရာဂဏန်းအထိ ရှိခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး လူမှောင်ခိုသူတွေကို နှိမ်နင်းမှုတွေ တိုးမြှင့်လာရာက အခုလို ဖမ်းဆီးမိနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာတော့ ဇွန်လ ၁၁ ရက်နေ့က လူ ၉၀ နီးပါး ဖမ်းမိခဲ့သလို တာ့ခ်ခရိုင်ထဲမှာပဲ ၂ ရက်အတွင်း မြန်မာတွေဖမ်းမိတာ လူ ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ခိုးဝင်လာရင်း ဖမ်းမိကြတာဖြစ်တယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။
“၁၁ ရက် ၆ လ ၂၀၂၁ ကပါ၊ ဖြစ်စဉ်ကတော့ ထိုင်း-မြန်မာနယ်စပ် မယ်လမဆိုတဲ့ ရွာအနီးက သစ်တောအတွင်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၈၇ ဦးပါ။ ဖမ်းမိတာကတော့ နယ်ခြားစောင့်တပ်ဖွဲ့အမှတ် ၃၄၅ တပ်ဖွဲ့က ဖမ်းမိတယ်လို့ သိရပါတယ်။ အခုလက်ရှိ ဖမ်းဆီးထားပါတယ်။ သူတို့ကတော့ ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ အောက်လမ်းတွေကနေ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဖမ်းမိနေတယ်။ ခိုးဝင်တွေ နေ့စဉ်မိတယ်။ ဒါကိုလည်း ဆက်ဝင်နေတယ်။ မြန်မာနိုင်ငံထဲမှာလည်း ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ စားဝတ်နေရေးတွေ ပိုပိုကျပ်တည်းလာတော့ တချို့ဆို ထမင်းစားဖို့ အခြေအနေတွေ ခက်ခဲလာပြီးတော့ ထိုင်းနိုင်ငံထဲကို ရတဲ့နည်းနဲ့ လူမှောင်ခိုလမ်းကနေ ခိုးဝင်လာတာပေါ့။”
SEE ALSO: ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာဦးရေ များပြားထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဝင်ရောက်လာနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနဲ့ တာ့ခ်ပြည်နယ်တွေမှာ လူမှောင်ခိုနှိမ်နင်းရေးကို ထိုင်းအစိုးရက ဦးစားပေး လုပ်ဆောင်နေရာမှာ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ ကန်ချနဘူရီပြည်နယ် နောင်လူနယ်စပ် စစ်ဆေးရေး ရဲတပ်ရင်းက တရားမဝင် မြန်မာနိုင်ငံသား ၂၈ ဦးနဲ့အတူ လူပွဲစား ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ လူပွဲစားတွေက မြန်မာနိုင်ငံသားတွေကို ဘန်ကောက်မြို့အထိ ပို့ဆောင်ခအဖြစ် တဦးကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ နဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
နယ်စပ်ကနေဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံသား လူမှောင်ခိုသမား နှစ်ဦးက နယ်စပ်နေအိမ်တလုံးမှာ ထိန်းသိမ်းထားပြီးမှ အသုတ်လိုက် ဘန်ကောက်မြို့ကို ပို့ဆောင်ပေးနေတာကို လူကုန်ကူးရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နောင်လူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း-မလေးနယ်စပ် ဆုံခလာခရိုင်မှာလည်း လူမှောင်ခိုသမားတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ တပတ်အတွင်း ရာနဲ့ချီ ဖမ်းဆီးလိုက်ပါတယ်။
အခုဆိုရင် ဆုံခလာခရိုင်ထဲက အချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နေတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ပြောပါတယ်။
“ရက်ဆက်ဆိုသလို ဖမ်းပစ်လိုက်တာ။ ကိုဗစ်ရောဂါကြောင့် နယ်စပ်ကိုပြန်ပို့ဖို့ ဆိုတာကလည်း နယ်စပ်တွေ ပိတ်ထားတော့ အဓိက အချုပ်ထဲမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်တာပေါ့။”
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး အခက်အခဲတွေနဲ့ စစ်အုပ်ချုပ်ရေးကောင်စီက အဖမ်းအဆီးတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းကို ဒီလပိုင်းတွေအတွင်း နေ့စဉ်ရက်ဆက် ခိုးဝင်လာနေမှုတွေ ဖြစ်လာပြီး အခုဆိုရင် လူဦးရေ ၃,၀၀၀ ထက်မနည်းဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံထားရပါတယ်။
Your browser doesn’t support HTML5
--------------------
(Unicode)