ဆိုင်းငံ့ထားတဲ့ မြန်မာအကျဉ်းသား လွှဲပြောင်းရေးလုပ်ငန်း ထိုင်းပြန်စ

ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်လွဲှပြောင်းပေးနေတဲ့ မြန်မာနိုင်ငံသားများ။ (စက်တင်ဘာ ၁၇၊ ၂၀၂၁။ ဓာတ်ပုံ - FED)

(Zawgyi / Unicode)

ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို ကိုဗစ်ကပ်ဘေးကြောင့် လွှဲပြောင်းပေးဖို့ ရပ်ဆိုင်းထားရာကနေ အခုတော့ လွှဲပြောင်းရေးလုပ်ငန်းတွေ ပြန်စနေပါပြီ။ ၅ လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့ကတော့ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို လွတ်ရက်စေ့ အကျဉ်းသား ၁၈၀ ကျော် လွှဲပြောင်းပေးခဲ့တာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ဘေးကာလ အကန့်အသတ်တွေကြောင့် အကျဉ်းသားတွေ လွဲှပြောင်းပေးတာတွေကို ၅ လနီးပါးအထိ ရပ်ဆိုင်းထားရာက စက်တင်ဘာလ ၁၇ ရက်နေ့ကတော့ ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းကို အကျဉ်းသား ၁၈၀ ကျော် ထိုင်းအစိုးရက လွဲှပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ် ၁၄ ခုက အကျဉ်းထောင်တွေ၊ လူဝင်မှုကြီးကြပ်ရေး အချုပ်စခန်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက သောကြာနေ့က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပြပါတယ်။

“အားလုံး ၁၈၂ ယောက်ဗျ၊ အဓိက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေ ပါတယ်။ နောက်တခုက ထောင်ထဲမှာ နှစ်ကြာပြီး လွတ်ရက်စေ့သူတွေ ပါတယ်။ အချုပ်ခန်းထဲမှာ ကလေးမွေးသွားတဲ့ မြိတ်က အမျိုးသမီးတဦး ပါတယ်။ အခုဆိုရင် ၅ လ လောက်တောင် ကြာသွားပြီ။ အခုကျမှ ပထမဦးဆုံးအကြိမ် ပြန်လွတ်တာပါ။ လဝကအချုပ်ထောင်က လွတ်လာတာပါ။ ရနောင်းတခုတည်း မဟုတ်ဘူး၊ တောင်ပိုင်းတခုလုံးက ၁၄ ပြည်နယ်က အလုပ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်ပို့ရမယ့်အုပ်စုတွေ၊ စောင့်ဆိုင်းနေရတဲ့ အုပ်စုတွေ ဖြစ်ပါတယ်။”

SEE ALSO: ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်နေရပ်ပြန်ဖို့ကြိုးစားသူ ၅၀ကျော်ဖမ်းဆီးခံရ

လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ဖို့အတွက် ပြန်မပို့ပေးသေးတာကြောင့် ထိုင်းဘက်ခြမ်းက အကျဉ်းထောင်တွေ၊ အချုပ်စခန်းတွေမှာ ဆန္ဒပြတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကာလ စောင့်ကြည့်ရေးစင်တာ အခက်အခဲကြောင့် မြန်မာနိုင်ငံဘက်ကလည်း လွတ်ရက်စေ့သူတွေကို ပြန်လက်ခံဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ရနောင်းအာဏာပိုင်တွေက လွဲှပြောင်းတဲ့ကိစ္စတွေကို ရပ်နားထားတာပါ။ အခုဆိုရင် နောက်ထပ် လွတ်ရက်စေ့သူ ၂၀၀ နီးပါးလောက်ဟာလည်း အချုပ်ထဲမှာ စောင့်ဆိုင်းနေရတယ်လို့ ဦးမိုးဝေက ပြောပါတယ်။

“အားလုံးပေါင်း အချုပ်ခန်းထဲမှာ အမျိုးသမီး ၈၂ ယောက်ရှိပြီး အမျိုးသား ၃၀၀ ကျော်ရှိတယ်။ အခုပြန်လွတ်လာတာ ၁၈၀ ကျော်ဆိုတော့ ကျန်သေးတာ ၁၈၀ ကျော်လောက်တော့ ကျန်သေးတယ် အချုပ်ခန်းထဲမှာ။”

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို နယ်စပ်တွေကနေ ပြန်လွဲှပြောင်းပေးနေရာမှာ မဲဆောက်-မြဝတီနယ်စပ်၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်၊ ရနောင်း-ကော့သောင်း နယ်စပ်တွေကနေ ပြန်လွဲှပြောင်းပေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆိုင်းငံ့ထားတဲ့ မြန်မာအကျဉ်းသား လွှဲပြောင်းရေးလုပ်ငန်း ထိုင်းပြန်စ

------------------------

(Unicode)






SEE ALSO: မြန်မာနယ်စပ်အပါ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ထိုင်းစဉ်းစားနေ


