ကရင်နယ်ခြားစောင့် BGF တပ်တွေ လက်ထဲမှာ သောင်တင်နေကြတဲ့နိုင်ငံခြားသားထောင်နဲ့ချီကို ထိုင်းကတဆင့် နေရပ်ပြန်ပို့ပေးဖို့ မြန်မာ၊ တရုတ်နိုင်ငံတို့နဲ့ သဘောတူလိုက်တယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ် တစိတ်တဒေသအဖြစ်နဲ့ မြဝတီမြို့နယ်ထဲက လောင်ကစားလုပ်ငန်းတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ ကယ်တင်ထားတဲ့ တရုတ်နိုင်ငံသား ၅,၀၀၀ ကို တနေ့ကို ၁၀၀၀ နှုန်းနဲ့ ရှေ့သီတင်းပတ်ကစပြီး နေရပ်ပြန်ပို့ရေး အစီအစဉ် စတင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Nikorndej Balankura က ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ၊ မြန်မာပြည်ထဲရေး ဒုဝန်ကြီး ဦးအောင်ကျော်ကျော်တို့နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုင်းနယ်စပ် မြန်မာနိုင်ငံအတွင်း အွန်လိုင်း ငွေကြေးလိမ်လည်ဂိုဏ်းတွေ မှိုလိုပေါက်လာပြီး ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို လစာ ကောင်းကောင်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ဖြားယောင်းခေါ်ဆောင်ခဲ့ပါတယ်။ တချို့ဟာ ဓားစာခံသဖွယ် ထိန်းသိမ်းခံထားရပြီး သူတို့ဆန္ဒမပါဘဲ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေလုပ်ဖို့ အဓမ္မ ခိုင်းစေခံနေကြရတယ်လို့ ပြောပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဖိအားပေးမှုတွေကြောင့် မြဝတီ ရွှေကုက္ကို အနီးဝန်းကျင်မှာရှိတဲ့ အဲဒီ ငွေလိမ်ဂိုဏ်းတွေရဲ့ အဆောက်အဦတွေကို ကရင် BGF တွေက ဝင်ရောက်စီနင်းခဲ့ပြီး နိုင်ငံပေါင်း ၃၀ နီးပါက အလုပ်လုပ်နေသူ ၇,၀၀၀ ကျော်ကို ကယ်ထုတ်ထားပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၅၀၀၀ နီးပါး ပါဝင်တယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ မြန်မာဘက်က တရုတ်နိုင်ငံသား ရာနဲ့ချီကို ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ တရုတ်နဲ့ ထိုင်းအစိုးရတို့အစီအစဉ်နဲ့ တရုတ်နိုင်ငံသား ၆၀၀ ထက်မနည်းကို မဲဆောက်နိုင်ငံတကာ လေဆိပ်ကနေ တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်၊ ဖေဖော်ဝါရီ ၂၇ ရက် ကြာသပတေးနေ့ကလည်း အင်ဒိုနီးရှား ၁၀၀ နီးပါးကို ထိုင်းကတဆင့် ပြန်ပို့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေကြသူ ၁၂၀,၀၀၀ လောက် ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5
သောင်တင်နေတဲ့နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ဖို့ မြန်မာ၊ ထိုင်း၊ တရုတ်သဘောတူ