ဒေါက်တာအေးမောင်အယူခံ ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ

မတ်လ ၁၉၊ ၂၀၁၉ တုန်းက ဒေါက်တာအေးမောင်ကို ရုံးထုတ်စဉ်

(Zawgyi / Unicode)

နိုင်ငံတော် ပုန်ကန်မှု နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ် နှစ်၂၀ချမှတ်ခံထားရတဲ့ ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ ထူးအယူခံဝင်ခွင့် လျောက်လဲ ချက်ကို ပြည်ထောင်စု တရားလွှတ် တော်က ဒီကနေ့ ပယ်ချခဲ့ပါတယ်။ အခုလို အထူးအယူခံ ပယ်ချခံရတာနဲ့ ပတ်သတ်ပြီး အမြင်တွေကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင် က စုစည်း တင်ပြ ထားပါတယ်။

ဒေါက်တာအေးမောင် ကို ရခိုင်ပြည်နယ် စစ်တွေတရားရုံးမှာ ရုံးထုတ်လာစဉ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ နောက်ဆုံး အထူးအယူခံဝင်ခွင့် လျှောက်လဲချက်ကို ပြည်ထောင်စု တရားလွှတ် တော်က ဒီကနေ့ ပယ်ချလိုက်တာဟာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကြီးလေးတဲ့ ထိခိုက်နစ်နာမှု တစ်ခုဖြစ် တယ်လို့ စာရေးဆရာ ဝေဟင်အောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ပယ်ချလိုက်တဲ့ ကိစ္စဟာဖြင့် မှုလရုံးရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ မှန်တယ် မှားတယ်ဆိုတာကို အယူခံ ပြင်ဆင်ခွင့်တွေကို ဥပဒေက ဘယ်လောက်ပဲ ပြဌာန်းသော်လည်း ဒီတရားခံတွေဟာ အပြည့်အဝ မရရှိနိုင်ခဲ့ဘူး။ လျှောက်သာ လျှောက်ခွင့်ရှိခဲ့တယ်။ မှုလရုံးရဲ့ အမှုတွဲမှာ ဒီလျှောက်ထားချက်တွေ အတိုင်း အကြောင်းအရာ တစ်ခုတည်းမဟုတ်ပဲ သုံးခု စွဲခွင့်ရှိသလား။ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပေဒေက နှစ်ခုတည်း အပြစ်ပေးခွင့်ကော ရှိသလား ဒါတွေကို အဆင့်အမြင့်ဆုံးရုံးတစ်ရုံးရဲ့ သုံးသပ်စိစစ် ခွင့်ကိုတောင် မရရှိခဲ့တာဟာ ဒီနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကြီးလေးတဲ့ ထိခိုက်နစ်နာမှုလို့ ပြောချင်ပါတယ်။”

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ ရခိုင့်ဘုရင့် အချုပ်အခြာအာဏာ ကျဆုံးတဲ့ အခမ်းအနားမှာ တက်ရောက် ဟောပြောခဲ့ကြတာပါ။

အဲဒီဟောပြောပွဲအတွင်း သူတို့နှစ်ဦးရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတို့နဲ့ ငြိစွန်းတယ် လို့ ပြောပြီး စစ်တွေခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက တရား လိုပြု လုပ်ပြီး၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရားစွဲဆိုခဲ့တာ လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၉ရက်နေ့မှာတော့ စစ်တွေခရိုင်တရားရုံးက သူတို့နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်စီ နဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် အနှစ် ၂၀ စီ ကိုသီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ တာလည်းဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ရဲ့ ရှေ့နေတွေက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အထူးအ ယူခံ ဝင်ခဲ့ပေမယ့် အခု ပယ်အချခံခဲ့ရတာပါ။ ဒါဟာ စစ်တပ်ကစွဲဆို တဲ့ အမှုကို တရားရုံးက မထိရဲ၊ မကိုင်ရဲ ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများအသင်း ကွန်ယက်က တရားလွတ်တော် ရှေ့နေ ဦးကြီးမြင့် ကဝေဖန် ပါတယ်။

“တရားရုံးကတော့ မထိရဲဘူး မကိုင်ရဲဘူး။ စစ်တပ်က စွဲတဲ့ အမှုတွေကို တရားရုံးက မထိရဲဘူး။ အဲတော့ အထူးအယူခံတော့ ပယ်မှာပဲ။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ မျော်လင့်နေပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရနော်။ အဲတာတော့ တရားရုံးက မထိရဲဘူး။ အဲတော့ ချချင်ရင် ချမှာပဲ ၊ကိုယ်တွေတောင် ၅၀၅ က နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပြောတာတောင် စစ်တပ်က တရားစွဲသေးတာပဲ။ သူတို့မှာ လက်နက်ရှိတယ် အာဏာရှိတယ် လုပ်ချင်ရာ လုပ်လို့ရတယ် ဆိုတဲ့ ခေတ်မကုန်သေးဘူး။ အဲတာကြောင့်မလို့။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ နိုင်ငံတော် ပုန်ကန်မှုမြောက်အောင် သူကိုယ်တိုင် လက် နက်ကိုင်ခဲ့တာ မဟုတ်တာကြောင့် အခုလိုအမိန့်ချမှတ်လိုက်တာဟာ မတရားဘူးလို့ ရခိုင်ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

“အမှန်ကတော့ ဒေါက်တာအေးမောင်ကို ထောင်ချတယ်ဆိုတာ ကျနော်တို့အမြင်ကတော့ လုံးဝမတရားဘူးလို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူက နိုင်ငံတော် ပုန်ကန်မှု မြောက်အောင် သူကိုယ်တိုင် လက်နက်ကိုင်တာ လည်းမဟုတ်ဘူး။ လက်နက်တွေ သိမ်းစည်းရမိတာလည်း မဟုတ်ဘူး။ စာပေဟောပြောပွဲလုပ်လို့ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး တရားမလဲ ဘယ်လိုပဲစဉ်းစား ကျနော်ကတော့ မတရား ဘူးလို့ မြင်တယ်။”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အခုလို ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက် တာနဲ့ ပတ်သတ်ပြီး အယူခံ အဆင့်ဆင့် ဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး။ ဒီလိုပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘူးလို့ ဝေဖန်မှုတွေရှိသလို၊ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်ရာကျတယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

ဒေါက်တာအေးမောင်အယူခံ ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ


.....................


( Unicode)










