စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ ကာလုံအစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။ ဒီလို သက်တမ်း ထပ်တိုးလိုက်တဲ့အပေါ် နိုင်ငံရေး စောင့်ကြည့် လေ့လာသူတွေက ဘယ်လို သုံးသပ် ရှုမြင်ကြပါလဲ။ ဆက်သွယ်မေးမြန်းထားတာကို မမြသဇင်အောင်က တင်ပြပေးပါမယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာ သိမ်းခဲ့ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာလို့ ဆိုပြီး စစ်ကောင်စီဟာ အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးလာနေခဲ့တာ ဖြစ်ပါတယ်။ ဒီတခေါက်မှာလည်း တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုပြီး ထပ်မံ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။
ခုလို စစ်အုပ်ချုပ်ရေး သက်တမ်း ထပ်တိုးလိုက်တာကိုကြည့်ရင် စစ်ကောင်စီအနေနဲ့ တိုင်းပြည်မှာ အပြောင်းအလဲ လုပ်လိုတဲ့ စိတ်စေတနာ မရှိသေးတာကို ပြနေတယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပြောဆိုပါတယ်။
"ကျိန်းသေတာကတော့ သူတို့ အာဏာစထိန်းတယ် ပြောတယ်။ အာဏာသိမ်းကတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီးတော့ သူတို့ သိမ်းခဲ့တာဖြစ်တယ်။ ခု သက်တမ်း တိုးတာလည်း တရားဝင်လား တရားမဝင်ဘူးလားဆိုတာ လက်တွေ့မှာ သူတို့ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ သူတို့တွေပဲ ဖြစ်တယ်။ သူတို့လိုသလို သက်တမ်းတိုးနေတာဖြစ်တယ်။ အခြေခံအရ ဥပဒေအရ အဲ့လိုဆောင်ရွက်နေကြတာ မဟုတ်ဘူးလို့ ကျနော်ပြောချင်တယ်။ စစ်ကိုင်းမှာကြည့်ကြည့်၊ မကွေးမှာကြည့်ကြည့်၊ ချင်းဘက်မှာ၊ ကရင်နီဘက်မှာပဲကြည့်ကြည့်၊ ကရင်ဘက်မှာကြည့်ကြည့် ဒေသအားလုံးလိုလိုမှာ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတုန်း ဖြစ်တယ်။ လက်တွေ့မှာ တိုင်းပြည်ကို အပြောင်းအလဲ လုပ်လိုတဲ့ ဆန္ဒလုံးလုံး မတွေ့ရသေးဘူး။ စိတ်ကူးယဉ်ဖို့ မရသေးဘူးလို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။"
အာဏာသိမ်းမှုအပြီး မကြာခင် ၂၀၂၁ ခုနှစ် ဧပြီလတုန်းကတော့ အရေးပေါ် သက်တမ်းကာလ ၂ နှစ် ထက် ပို မကြာနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးပါတယ်။ ဒီလိုပြောပြီး နောက်ပိုင်းမှာကိုပဲ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ အရင် စစ်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ မှာလည်း အရေးပေါ် သက်တမ်းကို ၆ လ ၊ နှစ်ကြိမ် သက်တမ်း တိုးနိုင်တယ်လို့သာ ဖော်ပြထားတာပါ။
ဥပဒေပညာရှင်တဦးကတော့ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အာဏာရှင်တွေ အသက်ဆက်နိုင်ဖို့ ထွက်ပေါက်အနေနဲ့ ဆက်လက်ရှိနေတုန်းပဲလို့ ဝေဖန်ထောက်ပြပါတယ်။
"သူတို့ကိုးကားတဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာက အငြင်းပွားဖွယ် စကားလုံးတခု ပါတယ်။ သာမန် အခြေအနေတွင်ဆိုတဲ့ စကားလုံးပေါ့။ သာမန်အခြေအနေ ဖြစ်တယ်ဆိုရင် သက်တမ်းကို ၂ ကြိမ်ပဲ တိုးလို့ရတယ်။ ၆ လ ၆လ ၂ကြိမ်ပေါ့။ အဲ့စကားလုံး တလုံးပါတဲ့အတွက် ထွက်ပေါက်တခုလို ဖြစ်သွားတာပေါ့။ကြိုတင် ရည်ရွယ်ပြီးပဲ သုံးလိုက်သလားတော့မသိဘူး။ သာမန်အခြေအနေတွင် ၂ ကြိမ် တိုးနိုင်တယ်ဆို တော ဥပဒေသဘောအရ သာမန်အခြေအနေမဟုတ်ဘူး ထူးခြားတဲ့ အခြေအနေဆိုရင် ထပ်တိုးလို့ရတဲ့သဘော ဖြစ်သွားတာပေါ့။ အဲတော့ ဒါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၂၅ မှာပါတဲ့ အားနည်းချက် သို့မဟုတ် ကြိုတင်ပြင်ဆင်ထားတဲ့ စကားလုံးတခုလို့ ဆရာတို့က မြင်တယ်။"
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ် သက်တမ်း ၁ နှစ် ကြေညာခဲ့ပြီး အဲ့ဒီနောက် သက်တမ်း ၁ နှစ်ပြည့်ချိန် ၂၀၂၂ ဇန်နဝါရီမှာ ပထမဆုံးအကြိမ် ၆ လ သက်တမ်း တိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ၂၀၂၂ ဇူလိုင်မှာ တကြိမ်၊ ၂၀၂၃ ဇန်နဝါရီမှာကြိမ် ထပ်တိုးခဲ့တာကြောင့် ခုတကြိမ်နဲ့ပါဆိုရင် ၆ လစီ သက်တမ်းတိုးတာ ၄ ကြိမ် ရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့ စစ်အုပ်ချုပ်ရေး နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်တဲ့ ကာလုံအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့နှစ်ဦးလုံး တက်ရောက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5