ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ KIA ဆက်လက်စစ်ရေးတင်းမာ 

ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်က ပြင်းထန်နေပြီး မြို့ခံအများအပြားလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေအကြား ယာယီအပစ်ရပ်ပြီးနောက် ဒီရက်ပိုင်းအတွင်း တိုက်ပွဲ အတန်အသင့် ငြိမ်သက်လာနေတဲ့ ဒေသတွေမှာတော့ နေရပ်ပြန်တဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေအကြား ယာယီအပစ်ရပ်ဖို့ ဒီလ ၁၁ရက်နေ့က သဘောတူခဲ့တာပါ။ ဒီလို သဘောတူပြီးနောက် စစ်ကောင်စီဘက်က ကျောက်မဲမြို့နယ်က TNLA စခန်းကို တိုက်ခိုက်တာနဲ့ အခြားဒေသတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ၁၄ရက်နေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် အကြား တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာတော့ စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရှောင်နေသူ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ ခါတိုင်း ညဘက်မဖြစ်ဘူး။ မနေ့က ညမှာပါ ဖြစ်တာ။ လေကြောင်းနဲ့ တိုက်လို့ ကျနော်တို့ ရပ်ကွက် ၁၊ ၂၊ ၆၊ ရပ်ကွက် ၅ က အိမ်တွေ တော်တော်များများလည်း ပျက်ဆီးကုန်ပြီ။ ရပ်ကွက် ၄ဘက်ကတော့ နည်းနည်းလွတ်လိမ့်မယ်။ အရင်တုံးကဆို ကျနော်တို့ တအိမ်တယောက်လောက်ကျန်တာ။ အခုမရှိတော့ဘူး။ အကုန်လုံးက နမ့်ဖတ်ကာ ဝန်းကျင် ဘေးကရွာတွေပေါ့။ အရင်တုံးက ရွာဟောင်းလိုဟာမျိုးတွေ။ နမ့်ဖတ်ကာဝန်းကျင်က ဘုန်းကြီးကျောင်းလိုဟာမျိုးတွေ အဲလိုမျိုးတွေမှာ သွားရှောင်ကုန်ကြတာ။ ”

နမ့်ဖတ်ကာမှာ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ရက်နေ့က စတင်ဖြစ်ပွားခဲ့တာပါ။ လောလောဆည်မှာ စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ကြောင်း၊ တိုက်ပွဲစတင်ပြီးနောက် ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်ခဲ့ပြီး တခါတရံမှသာ ဖုန်းခေါ်ရကြောင်း နမ့်ဖတ်ကာ ဒေသခံက ပြောပါတယ်။ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိမှာ နမ့်ဖတ်ကာဘက်က သူတို့ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်လို့ မရတာကြောင့် အခြေအနေ အသေးစိတ်မသိရကြောင်း ပြောပါတယ်။

“ ကျနော်တို့ဆီမှာ တရားဝင် ဘာမှ အကြောင်းကြားတာမရှိဘူးခင်ဗျ။ ကျနော်တို့လည်းဆက်သွယ်တဲ့ လမ်းကြောင်းက အခက်အခဲတွေ ရှိနေတာ။ ကျနော်တို့ သက်ဆိုင်ရာ ရှေ့တန်းအဖွဲ့တွေလည်း တရားဝင် ကြောင်းကြားတာ ဘာမှ မရှိဘူးခင်ဗျ။”

ရှမ်းမြောက်ဒေသ အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ တာဝန်ရှိသူတဦးကတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ယာယီအပစ်ရပ်ပြီးနောက် ဒီ တရက်၊ နှစ်ရက်မှာ တိုက်ပွဲတွေ နေရာအတော်များများ ငြိမ်သက်လာကြောင်း ပြောပါတယ်။

“ ဟုတ် သိရသလောက်က လောလောဆည်တော့ တိုက်ပွဲက အသံတွေ ဘာတွေ အနေအထားတော့ နည်းနည်းငြိမ်သက်နေတာတော့ တွေ့ရတာပေါ့နော်။ ဒီ ၂ရက်၊ ၃ရက်မှာတော့ ဘာအသံမှတော့ မကြားရဘူး။ သို့ပေမယ့်လည်း ဒီ လေယာဉ်ရဲ့ သွားလာမှုတွေ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေတာတော့ တွေ့ရတယ်။ ဒီလက်နက်ကြီး ပစ်တဲ့အနေအထားကလည်း ကွတ်ခိုင် နမ့်ဖတ်ကာဘက်မှာတော့ တိုက်ပွဲဆက် ဖြစ်နေသေးတယ်။ ဒါပေမဲ့ ကျန်တဲ့ မြို့နယ်တွေကတော့ လောလောဆည်တော့ ငြိမ်သက်တဲ့အနေအထားတော့ တွေ့ရတယ်။ ဒီ တရက်၊နှစ်ရက်မှာပေါ့နော်။”

နှစ်ဘက်အပစ်ရပ်ပြီးနောက်မှာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဆီမှာတော့ တိမ်းရှောင်နေတဲ့ ဒေသခံအတော်များများ ပြန်လည် ဝင်ရောက်လာတယ်လို့လည်း သိရကြောင်း အခုလို ဆက်ပြောပါတယ်။

“ကျမတို့တတွေ သွားလာနေတဲ့ ဧရိယာတွေ မြို့နယ်တွေထဲမှာဆိုရင်တော့ ကြည့်ရတာတော့ တော်တော်များများတွေတော့ ပြန်လာကြတာတွေ တွေ့ရတယ်။ အနည်းအကျဉ်းလောက်ပဲ ကျန်မှာပေါ့။ တချို့ကျတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက နည်းနည်းဝေးတဲ့နေရာကို ကြို ရှောင်သလို၊ ဖြစ်နေတဲ့အတောအတွင်းမှာ ရှောင်သွားတဲ့သူတွေလည်း ရှိတဲ့အခါကျတော့ အခုက အခြေအနေက ပြန်ငြိမ်တယ် ဆိုပေမဲ့လည်း နည်းနည်းအဝေးရောက်သွားတဲ့သူတွေက ပြန်လာဖို့က လမ်းကြောင်းအရဆိုရင် လမ်းပန်းဆက်သွယ်ရေးက လမ်းပေါက်တယ်ဆိုပေမဲ့ ခရီးပတ်ရတဲ့အနေအထားမျိုးရှိတဲ့အခါကျတော့ ပြန်မလာ နိုင်သေးတာတော့ တွေ့ရတာပေါ့နော်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ ပြန်လာကြတာတော့ တွေ့တယ်။ ပုံမှန် စတင်လည်ပတ်နေတာတော့ တွေ့ရတယ်။ ”

တအာင်းအမျိုးသမီးအဖွဲ့ TWO က ကောက်ယူထားတဲ့စာရင်းအရ ရှမ်းမြောက်ဒေသမှာ စစ်ရှောင် IDPs ၇သောင်းကျော်ရှိခဲ့ပြီး လက်ရှိအများစုနေရပ်ပြန်ပေမဲ့ သောင်းနဲ့ချီ ကျန်ရှိနေဆဲဖြစ်ကြောင်းနဲ့ ဖုန်းလိုင်းဆက်သွယ်ဖို့ ခက်ခဲတာကြောင့် အသေးစိတ် သတင်းအချက်အလက် မကောက်ယူနိုင်သေးကြောင်း ပြောပါတယ်။

ကုလသမဂ္ဂကတော့ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ မြန်မာပြည်အတွင်း တိုက်ပွဲတွေ အရှိန်မြင့်တက်လာပြီးနောက် စစ်ရှောင်ဦးရေ ၆သိန်းခွဲကျော်အထိ တိုးမြင့်လာကြောင်း နဲ့ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်ရှောင်ဦးရေဟာ ၂ဒသမ ၆ သန်းရှိကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသ စစ်ရေးအခြေအနေကို မေးမြန်းနိုင်ဖို့ တအာင်းတပ် TNLA ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီလ ၁၄ရက်နေ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကတော့ မိုးကုတ်နဲ့ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေ ရှိကြောင်း ဖော်ပြထားပြီး တိုက်ပွဲဖြစ်ပွားတဲ့သတင်းထုတ်ပြန်တာ မရှိပါဘူး ။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေး နောက်ဆက်တွဲ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး အမိန့်တွေကိုတော့ MNDAA ကိုးကန့်အဖွဲ့က မနေ့ကပဲ ပယ်ဖျက်ကြောင်း ကြေညာခဲ့တာပါ။ ကုန်းကြမ်းနဲ့ လောက်ကိုင်မြို့နယ်တွေမှာ စစ်ကောင်စီက ကြေညာထားတဲ့ အမိန့်တွေ သက်ရောက်မှု မရှိတော့ကြောင်း မနေ့ကပဲ MNDAA က ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ KIA ဆက်လက်စစ်ရေးတင်းမာ