မြန်မာ့လူ့အခွင့်အရေးနဲ့ စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာဖြစ်နေ

ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့တွင်း ဆန္ဒပြနေသူတချို့ရှေ့တွင် ကာစီးထားသည့် လုံခြုံရေးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့ အဆင့်အထိကို ဆိုးရွားလာနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလွန်အမင်းလိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူတွေကို ဝင်ရောက်ခွင့်ပြုထားပေမဲ့၊ အကူအညီပေးနိုင်ဖို့အတွက် အကြီးအကျယ် ကန့်သတ်၊ ထိန်းချုပ်ထားတယ်လို့ ထောက်ပြထားပါတယ်။

စစ်တပ်ဟာ သူ့ရဲ့ အတိုက်အခံတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို ဖြတ် လေးဖြတ် ဗျူဟာကို အသုံးပြုပြီး၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဘက်ဆိုင်ရာဌာနများအပါအဝင် အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးကာ အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ် ဒဏ်ရာရအောင် လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မီးဘေးသင့်ကျေးရွာတရွာကိုတွေ့ရစဉ် (မေ၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကြီးမားလာတာနဲ့အမျှ ခန့်မှန်းခြေ လူပေါင်း ၁.၅ သန်းခန့်ဟာ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး၊ အရပ်သား အဆောက်အဦ ၆၀,၀၀၀ ခန့် မီးလောင် ပျက်စီးခဲ့ပါတယ်။ လူဦးရေ ၁၇.၆ သန်းကျော် သို့မဟုတ် စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံဟာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအချို့ လိုအပ်နေတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေလက်ချက်ကြောင့် အနည်းဆုံး လူ ၃,၄၅၂ ဦး သေဆုံးခဲ့ပြီး ၂၁,၈၀၇ ဦး ဖမ်းဆီးထားရတယ်လို့ ခိုင်လုံသောသတင်းရင်းမြစ်များက အတည်ပြုထားကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ဟန့်တားတာ ဒါမှမဟုတ် ငြင်းပယ်တာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ အခြား ယုတ်ညံ့တဲ့နည်းနဲ့ ဆက်ဆံတာတွေအားလုံးဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုဖြစ်ပေါ်စေသလို၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက အဆိုပါ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို ဇူလိုင် ၅ ရက်မှာ တင်ပြမှာလည်း ဖြစ်ပါတယ်။