ချီကာဂိုပစ်ခတ်မှု သေနက်သမားကို အာမခံမပေးဖို့ လျှောက်ထားမည်

သေနတ်သမား Robert (Bob) E. Crimo III

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စု Chicago မြို့မှာ လွတ်လပ်ရေးနေ့က ၇ ဦးထက်မနည်းသေဆုံးအောင် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို အာမခံ မပေးဖို့ တရားသူကြီးကို လျှောက်ထားမယ်လု့ိ ပစ်ခတ်မှုဖြစ်တဲ့နေရာက ထိပ်တန်းအစိုးရရှေ့နေက ပြောပါတယ်။

လူသတ်မှု ၇ မှုနဲ့ အမှုဖွင့်ထားတဲ့ အသက် ၂၁ နှစ်အရွယ် သေနတ်သမား Robert Crimo ကို ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်မှာဖြစ်ပါတယ်။

၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တာနဲ့ပါတ်သက်လို့ သေနတ်သမားအပေါ် နောက်ထပ် အမှုတွေနဲ့ တရားစွဲဖို့ရှိတယ်လို့ Lake County ရဲ့ ပြည်နယ်ဥပဒေရုံး ရှေ့နေချုပ် Eric Rinehart ကပြောပါတယ်။

သေနတ်သမားကို အာမခံမပေးဖို့လည်း တရားသူကြီးကို သူလျှောက်ထားမယ်လို့ ရှေ့နေချုပ် Eric Rinehart ကပြောကြားခဲ့ပါတယ်။

July ၄ ရက်နေ့က Highland Park ရပ်ကွက်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ချီတက်ပွဲတွေ စတင်ချိန်မှာ ခေါင်မိုးတခုပေါ်ကနေ သေနတ်သမားက AR-15 လို ပစ်အားပြင်း ရိုင်ဖယ်သေနတ် ၁ လက်နဲ့ အချက် ၇၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ Illinois ပြည်နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။

ပစ်ခတ်ခဲ့ပြီးနောက် သေနတ်သမားဟာ အမျိုးသမီးတဦးလို ဝတ်ဆင်ပြီး ထွက်ပြေးခဲ့ပါတယ်။ နာရီပိုင်းအကြာမှာပဲ သေနတ်သမားရဲ့ကားကို ရဲတွေ တွေ့ရှိပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ လက်ရှိတရားစွဲထားတဲ့ လူသတ်မှု ၇ မှုမှာ အပြစ်ရှိတယ်လို့ တွေ့ရှိရင် Crimo အနေနဲ့ အယူခံမရှိ ထောင်ဒဏ် တသက် ကျခံရမှာဖြစ်တယ်လို့ Lake County ရဲ့ ပြည်နယ်ဥပဒေရုံး ရှေ့နေချုပ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ရေး အခြေအတင် ငြင်းခုံမှုတွေ ဖြစ်နေချိန်မှာပဲ အများအပြားသေဆုံးတဲ့ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

07-06-2022 Chicago for web TS.mp3

[[Unicode]]






