သမ္မတ Trump ရဲ့ ယူကရိန်းအရေး ဒုတိယမြောက်တိုင်ကြားသူ ပေါ်ထွက်လာ

အမေရိကန်သမ္မတ Donald Trump (အောက်တိုဘာ ၄၊ ၂၀၁၉)

အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်နဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားသူ နောက်တယောက် ထွက်ပေါ်လာတယ်လို့ အဲဒီလူရဲ့ ရှေ့နေက ပြောလိုက်ပါတယ်။

အဲဒီလူဟာ ပထမတယောက်တုန်းကလိုပဲ ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဖြစ်တယ်လို့ ရှေ့နေ Mark Zaid က ABC ရုပ်သံရဲ့ This Week ဆိုတဲ့အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

ပထမတယောက်တုန်းက အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ကြား တယ်လီဖုန်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီတိုင်ကြားမှုကြောင့် သမ္မတ Trump အပေါ်မှာ အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အထိ ဖြစ်လာခဲ့တာပါ။

ရှေ့နေ Zaid ဟာ အဲဒီတိုင်ကြားသူ ၂ ယောက်စလုံးအတွက် ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးမှာဖြစ်ပြီး ဒုတိယမြောက် တိုင်ကြားသူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိရှိထားသူဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနေရာအတွက် ရှေ့ကပြေးနေတဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို စုံစမ်းထောက်လှမ်းဖို့ ပြည်ပအစိုးရတွေကို တွန်းအားပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေဘက်က သူ့ကို အရေးယူနိုင်ဖို့ လုပ်နေချိန်မှာပဲ သူ့အပေါ်ဝေဖန်တဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကိုလည်း သမ္မတ Trump အကြီးအကျယ် တုံ့ပြန် ဝေဖန်လိုက်ပါတယ်။

ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်ပြီး စုံစမ်းဖို့ သမ္မတ Trump က တရုတ်နိုင်ငံကို ပြောကြားလိုက်တဲ့အပေါ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Romney က ဝေဖန်လိုက်ပါတယ်။

သမ္မတထရမ့်က အခုလို တရုတ်နိုင်ငံကို တောင်းဆိုလိုက်တာဟာ မှားယွင်းပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

---------------------------

(Unicode)









Your browser doesn’t support HTML5

သမ္မတ Trump ရဲ့ ယူကရိန်းအရေး ဒုတိယမြောက်တိုင်ကြားသူ ပေါ်ထွက်လာ