ကနေဒါနဲ့မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်တဲ့အစီအစဉ် အမေရိကန်စတင်

အမေရိကန်သမ္မတ Donald Trump ကအိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အမြတ်ခွန်ကောက်ခံတဲ့အစီအစဥ် လက်မှတ်ထိုးပြီးတာကို ပြသနေစဥ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅)

အမေရိကန်သမ္မတ Donald Trump ကအိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အမြတ်ခွန်ကောက်ခံတဲ့အစီအစဥ် လက်မှတ်ထိုးပြီးတာကို ပြသနေစဥ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅)

အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်လည်းဖြစ်၊ အိမ်နီးချင်းနှစ်နိုင်ငံလည်းဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် ဒီကနေ့ မတ်လ (၄) ရက်နေ့ကစလို့ အမေရိကန်က သွင်းကုန်အခွန် ၂၅% တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

“အားလုံးသိကြတဲ့အတိုင်း သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ် နောက်မှလုပ်မယ့်အစား အခုသီတင်းပတ် အစောပိုင်းမှာ စပါမယ်။ အစောပိုင်းတုန်းကတော့ ဧပြီလ (၂) ရက်၊ ဒါမှမဟုတ် ဧပြီလ (၁) ရက်နေ့မှာ စဖို့ပါ။ ဒါပေမဲ့ ဧပြီလ (၁) ရက်၊ April Fool's Day နေ့မှာ မလုပ်ချင်လို့ပါ၊ ဒါက ငွေကုန် ကြေးကျများနိုင်ပါတယ်။” -လို့ သမ္မတ Trump က မနေ့ မတ်လ (၃) ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒါကြောင့် ရက်ရွှေ့ပြီး မက္ကဆီကိုနဲ့ ကနေဒါကို သွင်းကုန်အခွန် ၂၅% တိုးကောက်မယ့် အစီအစဉ်ကို ဒီကနေ့ မတ်လ (၄) ရက်၊ အင်္ဂါနေ့ကို ရွှေ့ခဲ့ရတာလို့လည်း ပြောပါတယ်။

SEE ALSO: သွင်းကုန်ခွန် တိုးမြှင့်ကောက်ယူမယ့် သမ္မတ Trump အစီအစဉ်

ဒါဟာ သမ္မတ Trump တောင်းဆိုထားတဲ့အတိုင်း အမေရိကန်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော်သူတွေ တရားမဝင်,ဝင်ရောက်မှုနဲ့ မူးယစ်ဆေးဝါးတင်သွင်းမှုတွေကို အဲဒီ နှစ်နိုင်ငံဘက်က ဆောင်ရွက်နေတဲ့ ကြားမှာပဲ အခုလို အခွန်တိုးကောက်မယ့်အစီအစဉ်ကို မူလက ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်နေတာပါ။

ကနေဒါနဲ့ မက္ကဆီနိုင်ငံတွေအပေါ် သွင်းကုန်အခွန်တွေ တိုးကောက်မယ့်အကြောင်း ပြီးခဲ့တဲ့တလတုန်းက ကြေညာခဲ့ပေမယ့် အဲဒီ နှစ်နိုင်ငံက သမ္မတ Trump က တောင်းဆိုတဲ့အချက်တွေကို လိုက်နာ လုပ်ဆောင်မယ့်အကြောင်း ပြောဆိုခဲ့တာကြောင့် တလ နောက်ဆုတ်ပေးခဲ့တာပါ။ မက္ကဆီကိုနဲ့ ကနေဒါတို့အတွက် လိုက်လျောပေးစရာအကြောင်း မရှိတော့တာကြောင့် မူလ အစီအစဉ်အတိုင်း အခွန် တိုးကောက်သွားမှာ ဖြစ်ကြောင်း သမ္မတ Trump က သတင်းထောက်တွေကို မနေ့က ပြောခဲ့တာပါ။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကတော့ - အခုလို တရားမျှတမှုမရှိတဲ့ အခွန်တိုးကောက်မှုကို လက်တုံ့မပြန်ဘဲ နေမှာမဟုတ်ကြောင်းနဲ့ အမေရိကန်က ကနေဒါကို တင်သွင်းတဲ့ကုန်ပစ္စည်း ဒေါ်လာ (၁၅၅) ဘီလီယံ တန်ဘိုးရှိတဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၅% တိုးမြှင့် ကောက်ခံသွားမယ်လို့ ပြောပါတယ်။

စီးပွားရေးမှာ ပြည်ပပို့ကုန်အပေါ် မှီခိုအားထားနေရတဲ့ မက္ကဆီကိုနိုင်ငံဟာ ပို့ကုန် ၈၀% ကို အမေရိကန်ကို တင်ပို့နေတာဖြစ်ပေမယ့် အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားဖို့ စီစဉ်နေကြောင်း မက္ကဆီကိုသမ္မတ Claudia Sheinbaum ကလည်း ပြောပါတယ်။

Your browser doesn’t support HTML5

ကနေဒါနဲ့မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်တဲ့အစီအစဉ် အမေရိကန်စတင်