သမ္မတအမိန့်ကို ဆိုင်းငံစေတဲ့ တရားသူကြီးချုပ်ကို Trump အပြစ်တင်

သမ္မတ Trump 

သမ္မတ Trump 

အမေရိကန်ပြည်ထောင်စု အနေနဲ့ တခုခု ဘေးအန္တရာယ် ကြုံခဲ့ရရင် သူထုတ်ပြန်တဲ့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လာမယ့်သူတွေကို ပြည်ဝင်ခွင့် တားမြစ်တဲ့ အမိန့် အထ မမြောက်အောင် ဟန့်တားခဲ့တဲ့ တရားသူကြီးကို အပြစ်တင်ကြဖို့ အမေရိကန်ပြည်သူတွေကို သမ္မတ Trump က ပြောဆိုလိုက်ပါတယ်။

တိုင်းပြည် အကြီးအကျယ် အန္တရာယ်ရောက်အောင် တရားသူကြီးတယောက်က လုပ်တာကို သူ မယုံနိုင်လောက်အောင် ဖြစ်မိတယ်လို့ Donald Trump ကသူအမြဲသုံးနေကျ Twitter လူမှုကွန်ယက်ကနေ ရေးသားထုတ်ပြန်ခဲ့တာပါ။ အီရတ်၊ အီရန်၊ လစ်ဗျား စတဲ့ မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံတွေက လာမယ့်သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့ အုပ်ချုပ်ရေးအမိန့်အထ မမြောက်အောင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က တရားသူကြီး James Robert က ပြီးခဲ့တဲ့အပတ်ထဲမှာ ယာယီ ဟန့်တားခဲ့တာဖြစ်ပါတယ်။

ဒီလို ဟန့်တားတဲ့ အမိန့်ကို ပြန်ပြီး အတည်ဖြစ်အောင် သမ္မတ Trumpအစိုးရက တောင်းဆိုပေမယ့် San Francisco မှာရှိတဲ့ အယူခံတရားရုံးက တနင်္ဂနွေနေ့က ပယ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်လာသူတွေကို အသေအချာ စိစစ်ဖို့ အမိမြေလုံခြုံရေးဌာနကို သူ ညွန်ကြားထားတဲ့ အကြောင်း သမ္မတ Donald Trump က Twitter လူမှုကွန်ယက် မှာ ရေးသားခဲ့ပြီး တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် အလုပ်လုပ်ကိုင်ရတာ ခက်ခဲတယ်လို့ ဝေဖန်ထားပါတယ်။