Republican သမ္မတလောင်း Donald Trump ကအမျိုးသမီးတွေအပေါ် စော်ကားတဲ့ သဘောထားမျိုးနဲ့ ပြောဆိုခဲ့တဲ့ Video ဟောင်းတခု ထွက်ပေါ်လာခဲ့ပြီးနောက် ထင်ရှားတဲ့ Republican ပါတီဝင်တော်တော်များများက သူဟာ သမ္မတဖြစ်ဖို့ မသင့်တော်ဘူးလို့ လူသိရှင်ကြားပြောကြားခဲ့ကြသလို တချို့ကလည်း သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ပေးဖို့ တိုက်တွန်းနေကြပါတယ်။ ဒါပေမယ့် ပြည်နယ်တချို့မှာ အစောပိုင်းမဲပေးပွဲတွေကို စတင်နေပြီဖြစ်တာနဲ့အတူ တခြားသမ္မတလောင်းသစ်နာမည်ကို ပါတီခေါင်းဆောင်တွေဖက်က အဆိုပြုမယ် မပြုဘူးဆိုတာ ရှင်းရှင်း မသိရသေးပါဘူး။ ဒါကြောင့် လောလောဆယ်မှာတော့ Trump ကသာ Republican သမ္မတလောင်းအဖြစ် ဆက်လက်ပြိုင်ဆိုင်နေတယ် ဆိုတဲ့အကြောင်း VOA သတင်းထောက် Michael Bowman က သုံးသပ်ပြထားပါတယ်။ မစုမြတ်မွန်က ဆက်လက်တင်ပြပါလိမ့်မယ်။
အမျိုးသမီးတွေအပေါ် စော်ကားမော်ကားပြောကြားခဲ့တဲ့ Donald Trump ရဲ့စကားကြောင့် ရွေးကောက်ပွဲကျင်းပဖို့ တလတောင်မလိုတော့တဲ့ အချိန်မှာ ဘယ်လို အကြောင်းပြချက်နဲ့မှ ခွင့်လွှတ်စရာမရှိဘူးလို့ သူ့ရဲ့ပါတီတွင်းကပဲ ဝေဖန်ဆန့်ကျင်သူတွေ ပိုများလာနေပါတယ်။
“နှုတ်ထွက်ပေးပါလို့ သိက္ခာရှိရှိတောင်းဆိုချင်ပါတယ်။ နှုတ်ထွက်လိုက်ပါခင်ဗျာ။”
အထက်လွှတ်တော်အမတ် Mike Lee က Donald Trump ကို သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ပေးပါလို့ ABC ရုပ်သံရဲ့ This Week နိုင်ငံရေးဆွေးနွေးခန်း အစီအစဉ်ကနေ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လူသိများကျော်ကြားသူတယောက်အနေနဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် အခွင့်အရေးယူ လုပ်ချင်တာလုပ်လို့ရနိုင်တယ်ဆိုပြီး ၂၀၀၅ ခုနှစ်တုန်းက Donald Trump ပြောကြားခဲ့တဲ့ Video ဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice ကနေ အထက်လွှတ်တော်အမတ် John McCain အထိ Republican ပါတီတွင်းမှာ သြဇာညောင်းသူတွေက Donald Trump ဟာသမ္မတလောင်း ဖြစ်ဖို့ သင့်တော်သူ မဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ပြောလာခဲ့ကြပါတယ်။
“အမျိုးသမီးတွေနဲ့ပတ်သက်လို့ Trump ပြောခဲ့သလို ကျွန်တော်ရဲ့ မိန်းမ၊ ဒါမှမဟုတ် ကျွန်တော့်သမီး၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ညီအမ ၅ ယောက်ကိုသာ ပြောခံရမယ်ဆိုရင် ကျွန်တော်ကတော့ အဲဒီလိုလူမျိုးကို ရွေးချယ်မှာမဟုတ်ပါဘူး” လို့ အထက်လွှတ်တော်အမတ် Mike Lee ပြောနေတာပါ။
သူ့ရဲ့ပြောစကားနဲ့ပါတ်သက်လို့ Trump ကတောင်းပန်းခဲ့ပေမယ့်လည်း သမ္မတလောင်း နောက်ထပ်တယောက်ကို အစားထိုးရွေးချယ်ချင်သူတွေ Republican ပါတီထဲမှာ ပိုပိုပြီးများလာနေပါတယ်။
“အရင်ကာကွယ်ရေးဝန်ကြီးဟောင်း Bob Gates တို့၊ Condoleezza Rice တို့ Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich တို့ထဲက ရွေးချယ်လို့ရနိုင်ပါတယ်။ John Kasich ကိုဆိုရင်သမ္မတလောင်းအဖြစ် ကျွန်တော်အခိုင်အမာ ထောက်ခံ ပါတယ်။”
This Week ဆွေးနွေးခန်းအစီအစဉ်မှာ Republican အောက်လွှတ်တော်အမတ် Charlie Dent ပြောကြားသွားတာဖြစ်ပါတယ်။ Republican ပါတီဥက္ကဋ္ဌ Reince Priebus ဆိုရင်လည်းတနင်္ဂနွေနေ့တုန်းက TV အစီအစဉ်တွေမှာ ပါဝင်ဖို့ စီစဉ်ထားတာတွေကို ဖျက်ခဲ့ပါတယ်။ ခုလို့ Trump အပေါ် ကန့်ကွက်ဆန့်ကျင်နေကြသူတွေရှိပေမဲ့လည်း သူ့အပေါ် အမာခံထောက်ခံနေသူတွေကတော့ Trump ကမယိမ်းမယိုင် ဆက်လက် ယှဉ်ပြိုင်သွားလိမ့်မယ်လို့ ဆိုပါတယ်။
“သူကတော့ နှုတ်ထွက်မှာ မဟုတ်ပါဘူး။ Republican ပါတီသမိုင်းမှာ အရင်ပြိုင်ဆိုင်ခဲ့ဖူးသူ သမ္မတလောင်းတွေထက်ကို သူက ထောက်ခံမှုမဲပိုရထားသူဖြစ်ပါတယ်။ သူ့ကိုယုံကြည်လို့ တက်တက်ကြွကြွအားပေးထောက်ခံနေကြသူတွေလည်း ရှိပါတယ်။”
New York မြို့တော်ဝန်ဟောင်း Rudy Giuliani ဖြစ်ပါတယ်။ လွှတ်တော်မှာ အမတ်နေရာအများစုရရှိထားတဲ့ Republican ပါတီအနေနဲ့ သဘောထားကွဲမှုတွေ ယုံကြည်မှုပျက်ပြားမှုတွေရှိနေတာကြောင့် အများစုအခြေအနေပြန်ရနိုင်ဖို့ စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ ဒီအချက်က Democratic ပါတီအတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ Democratic ပါတီယာယီဥက္ကဋ္ဌ Donna Brazile ကမြင်ပါတယ်။
“ကျွန်မတို့ ဒီမိုကရက်တစ်ပါတီအတွက်က အခွင့်အလမ်းကောင်းကြီး တခုပါ။ အောက်လွှတ်တော်မှာလည်း အမတ်နေရာ အသာစီးပြန်ရအောင် လုပ်နိုင်တဲ့ အခွင့်အလမ်းကြီးဖြစ်တယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။”
အခုလို ပြိုင်ဘက်ပါတီကြီး ၂ ခုကြား Donald Trump အပေါ် အာရုံစိုက် ဆွေးနွေးစရာဖြစ်နေချိန်မှာ Trump ကတော့ သူ့အပေါ် ဝေဖန်နေကြသူတွေဟာ သမာဓိရှိသူလို့ဆိုပြီး အပြောတမျိုး အလုပ်တမျိုးလုပ်နေကြသူတွေဖြစ်တယ်လို့ Twitter လူမှုကွန်ယက်ပေါ်ကနေ တုံ့ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5