မြန်မာအစိုးရအတွင်း ဝန်းကြီးဌာနတွေတခုနဲ့တခု ညှိနှိုင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးအသစ် ဦးစိုးဝင်းကပြောလိုက်ပါတယ်။ ဒီအားနည်းချက်တွေကို သူ့အနေနဲ့ အထူးအာရုံစိုက်ပြီး ဆောင်ရွက်သွား မယ်လို့လည်းဆိုပါတယ်။ စီမံဘဏ္ဍာဝန်ကြီးအပြောင်းအလဲဟာ မြန်မာ့စီးပွါးရေးအခြေအနေတွေအပေါ်မှာ ဘယ်လိုရိုက် ခတ်မှုတွေရှိနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။
အဂတိလိုက်စားမှုနဲ့တိုင်ကြားခံရပြီး မကြာခင်ကပဲ ရာထူးကနေနုတ်ထွက်သွားခဲ့တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းရဲ့ နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဦးစိုးဝင်းဟာ ဇွန်လ၅ရက် မနေ့ကပဲ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြု ခဲ့ပါတယ်။ လက်ရှိအစိုးရသက်တမ်းကျန်တဲ့ ၂နှစ်တာကာလအတွင်း စိန်ခေါ်မှုတွေများတဲ့ကြားကပဲ လုပ်စရာရှိတာ တွေကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဝန်ကြီးအသစ် ဦးစိုးဝင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော် ဒီစိန်ခေါ်မှုတွေကိုတော့ လျော့တွက်လို့မရဘူး။ ကျနော်တို့လေးလေးနက်နက်နဲ့ တိုင်တိုင်ပင်ပင်နဲ့ ကျနော့်အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့မှ တဖြေးဖြေးကျနော်လုပ်သွားပါမယ်။ အချိန်တော့သိပ်မရှိဘူး ကျနော်တု့ိလုပ်စရာရှိတာလုပ်သွားရမှာပါ။”
လက်ရှိ မြန်မာပြည်မှာကြုံနေတဲ့ ပြည်တွင်းစစ်အရေး၊ ဒုက္ခသည်အရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် နိုင်ငံတကာရဲ့ ရင်း နှီးမြုပ်နှံမှုတွေ ထင်ထားသလောက် ဝင်မလာပဲဖြစ်နေပါတယ်။ ဝန်ကြီးဦးစိုးဝင်းကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတိုင်းကို အလွယ်တကူလက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။
“ကျနော့်အနေနဲ့ကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရတိုင်းကို လွယ်လွယ်ကူကူ အောင်မြင်မှုမရှိပဲနဲ့ မလုပ်စေချင်ဘူး ထိထိရောက်ရောက်နဲ့ ကျနော်တို့ အကျိုးရှိတဲ့ ချေးငွေတွေယူပြီးတော့မှ ရင်းနှီးမြုပ်နှံမှုကိုလက်ခံမှာပါ။”
မြန်မာနိုင်ငံက ဝန်ကြီးဌာနတွေအတွင်း တခုနဲ့တခု ညှိနှိုင်းဆောင်ရွက်မှုတွေ အားနည်းနေတာနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးအသစ်ဦးစိုးဝင်းက ထောက်ပြပါတယ်။
“ကျနော်တို့ ဝန်ကြီးဌာနတွေအားလုံးက တဖက်နဲ့ တဖက် တဦးနဲ့တဦး ဌာနတခုနဲ့ တခု Coordination ဆိုတဲ့ တဖက်နဲ့ တဖက် အထောက်အကူပြုပြီးတော့ သွားဖို့တော့ လိုပါမယ်။ အဲဒါလေးတွေကို ကျနော်အထူး Focus လုပ်ပြီးတော့ သွားပါမယ်။”
မြန်မာပြည် ရဲ့ စီးပွါးရေးအခြေအနေက ပုံမှန်အားဖြင့် အနည်းငယ်တိုးတက်နေတယ်လို့လည်း ဦးစိုးဝင်းကပြောပါတယ်။ ဦးစိုးဝင်းဟာ ဘဏ်လုပ်ငန်းအတွေ့အကြုံကြီးမားသူတဦးဖြစ်ပေမဲ့ စီမံကိန်းလုပ်ငန်းအတွေ့အကြုံဘယ်လောက်ရှိသလဲဆိုတာကိုတော့ သတိမထားမိဘူးလို့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မီတင်ဝင်ဟောင်း ဒေါ်တင်နွယ်ဦးက ဗွီအိုအေကိုပြောပါတယ်။
“၇၄ လောက်က ကျမတို့ Security Training ဆင်းရတယ် ဘဏ်တွေကိုလေ ။ အဲဒီတုန်းက ဘဏ်မှာ သူကမန်နေဂျာ ကျမတို့ထက် အတန်းတော်တော်ကြီးပါတယ်။ ကြည့်ရသလောက်ကတော့ ဦးစိုးဝင်းကတော့ Banking မှာတော့ တောက်လျောက်လုပ်ခဲ့တာပဲလေ။ Planning တို့ Political Economy တို့ ကိုတော့ ဘယ်လိုလေ့လာထားသလဲတော့မသိဘူးပေါ့နော်။ တောက်လျောက် ဘဏ်မန်နေဂျာလုပ်ခဲ့တာလေ။ စီးပွားရေးတိုးတက်ဖို့က အခုချထားတဲ့ စီးပွားရေး Policy မှာရှိတဲ့ ယေဘုယျဆန်တာတွေကိုသူက သေချာအောင်လုပ်ရမယ် ဘယ် Sector က ဘယ်လိုဆိုတာကို ဦးစားပေးလုပ်ရမှာပေါ့။”
ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန် အာဆီယံစီးပွါးရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလှဖုန်းမြင့်ကတော့ ဝန်ကြီး အသစ်ဦးစိုးဝင်းရဲ့ အရည်အချင်းကို ယုံကြည်တယ်လို့ဆိုပါတယ်။
“စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းရဲ့ အတွေ့အကြုံ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကတော့ ဘာမှကို ပြောစရာမရှိပါဘူး။ သူ့ background ကလည်း စီးပွားရေး ၊ ဘဏ်လုပ်ငန်းမှာ နှစ်ပေါင်းများစွာဦးဆောင်လာတဲ့ ပြည်ထောင်စုဝန်ကြီးဟာ မြန်မာနိုင်ငံ ပြည်တွင်းစီးပွားရေးအပါအဝင် ပြည်ပနိုင်ငံမှာ ဝင်ရောက်လာမယ့် ဒီရင်းနှီးမြုပ်နှံမှုရဲ့ လိုအပ်ချက်တွေကို ကောင်းမွန်စွာ နားလည်သဘောပေါက်ပြီးတော့ ဖြည့်ဆည်းပေးမယ်လို့ ယုံလည်းယုံကြည်တယ် ။ မျှော်လည်းမျှော်လင့်ပါတယ်ခင်ဗျ။
မေး။ ။ မြန်မာပြည်ရဲ့လက်ရှိအခြေ အနေအရ နိုင်ငံတကာရဲ့ရင်းနှီးမြုပ်နှံမှုတွေက အဝင်နည်းနေတဲ့အပြင် နိုင်ငံတကာရဲ့ဖိအားတွေကလည်းပိုများနေတော့ စီမံဘဏ္ဍာဝန်ကြီးအသစ်ပြောင်းလိုက်တာနဲ့ စီးပွါးရေးက ကောင်းလာနိုင်ပါ့မလားခင်ဗျ။
ဖြေ။ ။ လက်တလောအချိန်မှာ ကျနော်တို့မှာ စီးပွားရေးနှောင့်နှေးမှုအဓိက နံပတ်၁ တရားခံကတော့ နိုင်ငံရေးဂယက်ပေါ့နော်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထွက်ပေါ်လာတဲ့ နိုင်ငံရေးဂယက်အရ အမေရိကန်လွှတ်တော် အထက်လွှတ်တော် ၊ အောက်လွှတ်တော်မှာရော မြန်မာနိုင်ငံအပေါ်ကို ထပ်ပြီးတော့ စီးပွားရေးပိတ်ဆို့တဲ့ Sanction တချို့ ချမှတ်ဖို့ အသံတွေထွက်နေပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး မသေမချာဖြစ်နေတဲ့ ကြားထဲမှာ မြန်မာပြည်တွင်းကို ဝင်နေတဲ့ အမေရိကန်လုပ်ငန်းတွေကလည်း ဆက်ရှိနေတယ်။ အလုံးအရင်းနဲ့ မဝင်လာနိုင်သေးရင်တောင်မှ မြန်မာနိုင်ငံကို သူတို့ရဲ့ ယုံကြည်မှုကတော့ ဆက်ရှိနေပါတယ်။ အခုလက်တလောဆိုရင် starbucks ဝင်လာတယ်ဗျာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ coca cola တို့ကလည်း ဆက်ပြီးတော့ သူတို့အလုပ်တွေကို ဆက်လုပ်နေတာပဲလေ။ ဒီအမေရိကန် ကုမ္ပဏီကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ်ယုံကြည်ချက်ကတော့ မျှော်လင့်ချက်ကတော့ ရှိနေတယ်။ နိုင်ငံရေးဂယက်ကတော့ တပိုင်းပဲပါတယ်ခင်ဗျ။ ကျနော်တို့ လမ်းပန်းတံတားဆက်သွယ်ရေးလိုအပ်တာတွေ လျက်စစ်မီးလိုအပ်တာတွေ ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့လိုတာတွေ က အများကြီးှရှိနေပါသေးတယ်။"
အသက် ၈၀အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးဦးစိုးဝင်းဟာ NLDပါတီရဲ့ ဗဟိုစီးပွါးရေးကော်မီတီဝင်အနေနဲ့တာဝန်ယူခဲ့တဲ့သူပါ။ မြန်မာပြည်စီးပွါးရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ စိတ်မပူကြဖို့နဲ့ သူတို့ရဲ့ကြိုးစားမှုကို စောင့်ကြည့်ကြဖို့ သတင်း ထောက်တွေကို မနေ့ကပြောခဲ့ပါတယ်။
Your browser doesn’t support HTML5