ယူကရိန်းကို NATO တပ်ဖွဲ့တွေ စေလွှတ်ဖို့ ရည်ရွယ်ချက်မရှိ - အတွင်းရေးမှူးချုပ် Stoltenberg

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg. (ဇန်နဝါရီ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မယ်ဆိုရင် NATO စစ်မဟာမိတ်နိုင်ငံတွေဘက်က ယူကရိန်းကို တပ်တွေစေလွှတ်ဖို့ မရှိဘူးလို့ တနင်္ဂနွေနေ့မှာ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားလိုက်ပေမယ့် ရုရှားကတော့ အရှေ့ဥရောပမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး NATO က ဘာတွေလုပ်ဖို့ စီစဉ်ထားတယ်ဆိုတာ ပိုရှင်းရှင်းလင်းလင်း သိချင်တယ်လို့ ပြောပါတယ်။

NATO တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို ယူကရိန်းကို စေလွှတ်ဖို့ အစီအစဉ် မရှိကြောင်းနဲ့ ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေပေးဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့လည်း NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NATO အဖွဲ့ဝင် နိုင်ငံတွေကြား အမြင်မတူကြပေမယ့် ယူကရိန်းဟာ NATO ရဲ့ ခိုင်မာပြီး အရေးပါတဲ့ မိတ်ဘက်နိုင်ငံဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းအရှေ့ဘက်နယ်စပ်မှာ ရုရှားက တပ်အင်အား တသိန်းကျော်နဲ့ လက်နက်တွေ ချထားတာကြောင့် ယူကရိန်းကို ရုရှားဝင်သိမ်းမှာကို စိုးရိမ်နေတဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေကလည်း အဲဒီဒေသမှာ သူတို့ရဲ့ စစ်တပ်တွေ တိုးချလာတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းနယ်စပ်မှာ စစ်တပ်အင်အားကို ဆက်ပြီး တိုးမြှင့်ချထားနေတာကြောင့် ရုရှားဟာ အချိန်မရွေး ယူကရိန်းကို ဝင်ကျူးကျော်တာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ John Kirby က တနင်္ဂနွေနေ့ Fox သတင်းဌာန မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အခုလို ရုရှားက ကျူးကျော်တာမျိုး မလုပ်ခင် အရေးယူဒဏ်ခတ်တာတွေ၊ ရုရှားရဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူတာမျိုး လုပ်ဖို့တော့ မရှိဘူးလို့လည်း ပြောပါတယ်။

တကယ်လို့ ရုရှားက ဝင်ရောက်ကျူးကျော်ရင် ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ အမြန်ချမှတ်တာနဲ့ ရုရှားရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကရော အနောက်နိုင်ငံ ခေါင်းဆောင်တွေကပါ ထပ်တလဲလဲ သတိပေးထားတာပါ။

Your browser doesn’t support HTML5

ယူကရိန်းကို NATO တပ်ဖွဲ့တွေ စေလွှတ်ဖို့ ရည်ရွယ်ချက်မရှိ - အတွင်းရေးမှူးချုပ် Stoltenberg

----------------------

(Unicode)






