မိုခါဆိုင်ကလုန်းကြောင့် သေကျေထိခိုက် ပျက်စီးမှုတွေအတွက် ကုလစိုးရိမ်

မိုခါမုန်တိုင်းတိုက်ခတ်အပြီး စစ်တွေမြို့တစ်နေရာ (ဓာတ်ပုံ - Partners Relief and Development/Handout via REUTERS)

မိုခါမုန်တိုင်းတိုက်ခတ်အပြီး စစ်တွေမြို့တစ်နေရာ (ဓာတ်ပုံ - Partners Relief and Development/Handout via REUTERS)

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ တဖြေးဖြေး များလာနေပြီး ၈၀ ကျော်သွားပြီလို့ တရားဝင် သတင်းတွေမှာ ဖေါ်ပြနေချိန်မှာပဲ မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြားအပါအဝင် လူတွေ ရာနဲ့ချီ ပျောက်ဆုံး‌နေနိုင်တဲ့အကြောင်း အကူအညီပေးရေးအဖွဲ့တွေနဲ့ ဒုက္ခသည် အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။ မုန်တိုင်းအပြီး အရေးပေါ် လိုအပ်ချက်တွေကို ချက်ခြင်းတုံ့ပြန်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်းလည်း ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်း Teknaf နဲ့ အနီးနားတဝိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှုအသိုက်အဝန်းတွေ အများဆုံး ထိခိုက်ခဲ့တာပါ၊ ထောင်နဲ့ချီတဲ့ ယာယီခိုလှုံရာ နေရာတွေ၊ ဝန်ဆောင်မှု ပေးနေတဲ့နေရာတွေ၊ စောင့်ရှောက်ကူညီပေးနေတဲ့ လုပ်ငန်းတွေ ပျက်ဆီးခဲ့ပါတယ်။ လာမယ့် မိုးရာသီမှာ နေထိုင်ဖို့ သိပ်ကို အန္တရာယ်ကြီးတဲ့ အခြေအနေပါလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Olga Sarrado က မနေ့က ဂျနီဗာမှာ ပြောဆိုသွားတာပါ။

တနာရီ မိုင် ၁၃၀ နီးပါးအထိ တိုက်ခတ်ခဲ့ပြီး ရေလွှမ်းမိုးမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာ လူဦးရေ ၁၆ သန်းကျော် ရဲ့ဘဝတွေ ထိခိုက်ခံရဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်သန်းသွားတဲ့ နေရာမှာတင် လူဦးရေ ငါးသန်း လေးသိန်း နေထိုင်တဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံ UNOCHA တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အဲဒီအထဲက လူဦးရေ သုံးသန်း တသိန်းဟာ အရင်ကတည်းက စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အကူအညီလိုအပ်နေသူတွေ ဖြစ်တဲ့အကြောင်းနဲ့ အဆိုးဆုံးအခြေအနေကို ကြုံရနိုင်တဲ့အကြောင်း UNOCHA တာဝန်ရှိသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

မိုခါဆိုင်ကလုန်းကြောင့် သေကျေထိခိုက် ပျက်စီးမှုတွေအတွက် ကုလစိုးရိမ်