ရခိုင်စစ်ဆင်ရေး ရပ်တန့်ရေး ပြောကြားဖို့ ကုလအတွင်းရေးမှူးချုပ် ဒေါ်စုကို တိုက်တွန်း

၂၀၁၇ မေလတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကုလအတွင်းရေးမှူးချုပ် António Guterres တို့တွေ့ဆုံစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်္ဂါနေ့မှာ မိန့်ခွန်းပြောတဲ့အခါ ရခိုင်ပြည်နယ်က စစ်ဆင်ရေးကို ရပ် ပစ်ဖို့ နောက်ဆုံးအခွင့်အရေးတခု ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။ BBC သတင်းဌာနရဲ့ HardTalk အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာ Guterres က အဲဒီလိုပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေအနေကို အခုချိန်မှာ မပြောင်းဘူးဆိုရင် ဘေးဒုက္ခဟာ တကယ့်ကို ဆိုးရွားလာမှာဖြစ်ပြီး တော့ အနာဂတ်မှာ ဘယ်လို ပြောင်းပစ်နိုင်မယ်ဆိုတာ သူမမြင်ဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာတွေကို သူတို့အိမ်တွေဆီပြန်ဖို့ ခွင့်ပြုသင့်တယ်လို့ သူက ထပ်ပြောပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်မှာ အပေါ်စီး ရထားတုန်း ပဲဆိုတာ ရှင်းနေပြီး ရခိုင်ပြည်နယ်မှာ လက်ရှိလုပ်နေတဲ့အတိုင်း ဆက်လုပ်ဖို့ ဖိအားပေးနေတယ်လို့လဲ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆာနီက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ ရိုဟင်ဂျာအရေးကို ထည့်သွင်းပြောဆိုမယ်လို့ ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရ Nazrul Islam က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ခြင်းရပ်ဆိုင်းဖို့ ပြောဆိုမှာဖြစ်သလို ရခိုင်ပြည်နယ်ကို အချက်အလက်ရှာဖွေရေးအဖွဲ့တခု စေလွှတ်ဖို့ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ကို တောင်းဆိုမယ်လို့လဲပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးကို မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ မြန်မာနိုင်ငံကို ဖိအား ပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တောင်းဆိုမယ်လို့လဲ ပြောခွင့်ရကပြောပါတယ်။

ကနေဒါနိုင်ငံအနေနဲ့လဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလေးထား ပြောဆိုသွားဖို့ရှိတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကလဲ စနေနေ့က တိုရွန်တိုမြို့မှာလုပ်တဲ့ ဆန္ဒပြပွဲတခု အတွင်းပြောသွားပါတယ်။

သူရော၊ ဝန်ကြီးချုပ် Justin Trudeau ရော ရိုဟင်ဂျာအရေးကို အလေးထားပြောဆိုမယ် ဆိုပေမဲ့လဲ ဘယ်လို အရေးယူ လုပ်ဆောင်မလဲဆိုတဲ့ အတိအကျတခုခုကိုတော့ ဝန်ကြီး Freeland က ပြောမသွားပါဘူး။

Your browser doesn’t support HTML5

ရခိုင်စစ်ဆင်ရေး ရပ်တန့်ရေး ပြောကြားဖို့ ကုလအတွင်းရေးမှူးချုပ် ဒေါ်စုကို တိုက်တွန်း