ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလနဲ့ အမေရိကန် ထပ်မံသတိပေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric (ဓာတ်ပုံ- VOA)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထပ်မံသတိပေးလိုက်ပါတယ်။
“အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အမျိုးသမီး ၆ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်သလို၊ ငယ်ရွယ်သူတွေ၊ လိင်စိတ်ကွဲပြားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းဝင်တွေ အပါအဝင် အမျိုးသမီး ၆၀၀ လောက် ဖမ်းဆီးခံထားရကြောင်းနဲ့ ဖမ်းဆီးခံထားရချိန်မှာ လိင်ပိုင်ဆိုင်ရာနဲ့ အကြမ်းဖက်ခံရမယ့် ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

တချိန်တည်းမှာပဲ ကလေးတွေအပေါ် ထိခိုက်သေကျေတဲ့အထိ ကျည်ဆံအစစ်တွေ အသုံးပြုတာ အပါအဝင် အင်အား အလွန်အကျွံသုံး နှိမ်နင်းနေတဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချလိုက်ကြောင်းလည်း ပြောပါတယ်။ မနေ့ကအထိ ရရှိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ကလေး ၉ ယောက် ရှိနေပြီး၊ ၈ ယောက်ဟာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ပြောပါတယ်။ ဖမ်းဆီးထားသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ ဥပဒေကြောင်းအရ တိုင်ပင်ဆွေးနွေးခွင့် မရဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။

သောကြာနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂ ဦး သေဆုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

............................................................................

Your browser doesn’t support HTML5

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလနဲ့ အမေရိကန် ထပ်မံသတိပေး



(Unicode)

