ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး အချိန်အလွန် စောနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီ က ပြောပါတယ်။
ယန်ဟီလီရဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်း နိုင်ငံခရီးစဉ်တွေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဖေဖေါ်ဝါရီလ ၁ ရက် ကြာသပတေးနေ့မှာ ပြုလုပ်ဖို့ရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြေညာထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
နှစ်ပတ်လည် အစီရင်ခံစာပြုစုနိုင်ဖို့ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်မရခဲ့တဲ့နောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီလီဟာ ဇန်နဝါရီလ ၁၈-၂၄ ရက်နေ့ထိ ၇ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ခဲ့တာပါ။ အဲဒီ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရ နှစ်ရပ် သဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို ဇန်နဝါရီလ နောက်ဆုံးသတင်းပတ်မှာ စတင်ပြီး မြန်မာဘက်ခြမ်း နေရပ်ပြန်ပို့ရေးကိစ္စမှာ လုံလောက်တဲ့ ပြင်ဆင်မှုတွေမတွေ့ရသေးပဲ အချိန်အရလည်း စောလွန်းနေသေးကြောင်း Balukhali ရိုဟင်ဂျာဒုက္ခသည်စခန်းရောက်ရှိချိန် အယ်လ်ဂျာဇီးယားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။
“ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေအနေတွေ အမှန်တကယ် တိုးတက်မလာသေးဘူးလို့ ကျမထင်ပါတယ်။ ပထမဦးဆုံးအချက်ကတော့ သူတို့ ဘယ်နေရာကို ပြန်သွားရမှာလဲဆိုတဲ့ မေးခွန်းပါ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး၊ သူတို့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေလည်း ပျက်စီးကုန်ပြီလေ။ နောက် သူတို့ရဲ့ စပါးစိုက်ပျိုးကွင်းတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ စပါးတွေအားလုံးကိုအခြားနိုင်ငံတွေဆီ တင်ပို့ရောင်းချခဲ့တယ်လို့ အခုဆိုရင် သတင်းတွေ ထွက်လာနေပါပြီ။ သူတို့အိမ်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ပြန်လည်တည်ဆောက်ရေးကိစ္စဟာ တကယ့်ကို ကြီးမားပါတယ်။ လူတွေအနေနဲ့ အခြား ဒုက္ခသည်စခန်းမှာ ပြန်ပြီး နေရတယ် ပုံစံမျိုး မဖြစ်သင့်ပါဘူး။ ”
ဒါအပြင် မိုးရာသီကာလ ရောက်ရှိလာတော့မယ့်အချိန် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာလည်း လူသားဘေးဒုက္ခအခြေအနေဟာ တဖြေးဖြေးနဲ့ ပိုပြီးဆိုးရွာလာဖို့ရှိကြောင်း ယန်ဟီလီကပြောပါတယ်။
“ ရက်အနည်းငယ်ကြာ မိုးရွာတာ၊ ဒါမှမဟုတ် နေ့တဝက်လောက်ပဲ မိုးရွာတယ်ဆိုရုံပဲ မြေပြိုကျမှုတွေကို ကျမတို့ မျက်မြင်ကိုယ်တွေ့ ကြုံရဖို့ရှိပါတယ်။ နောက် လူတွေအမြောက်အများ ထိခိုက်ဒဏ်ရာရတာကိုလည်း ကျမတို့ မြင်ရဖို့ရှိပါတယ်။ ဒီဒုက္ခသည်စခန်းတွေမှာ လူတွေဟာ စုပြုံတိုးဝှေ့ နေရတဲ့အဖြစ်ဟာ လူတယောက်အနေနဲ့ ဘဝမှာ နေသင့်နေထိုက်တဲ့ အနေအထားမျိုးတောင် မဟုတ်ပါဘူး။ ”
ဒါကြောင့် ဒုက္ခသည်စခန်းတွေ တိုးချဲ့တည်ဆောက်ပေးနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အကူအညီပေးသင့်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ကို တန်ပြန်နှိမ်နင်းဖို့ မြန်မာစစ်တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၆၅၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးခဲ့ရပါတယ်။ မြန်မာ လုံခြုံရေး တပ်တွေရဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေ ဆက်ပြီးလိုအပ်နေသေးတယ်လို့ ယန်ဟီလီက ပြောပါတယ်။
“ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပိုပြီးပေးသင့်တယ်လို့ ကျမထင်ပါတယ်။ ကျမတို့ သိထားတဲ့ အပြစ်ကျူးလွန်သူတွေ၊ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူတယ်ဆိုတာ ကျမတို့ တခါမှမကြားသေးပါဘူး။ ဒီဖြစ်ရပ်တွေအတွက် အရေးယူ အပြစ်ပေးတာမျိုး ရှိရပါမယ်။ အပြစ်ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတယ်ဆိုတာကို လည်း အများသိဖို့ လိုအပ်ပါတယ်။ ”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း တိုင်းရင်းသား အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးလှုပ်ရှားနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း ယန်ဟီလီက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ တနင်္လာနေ့ကတော့ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့တွေ၊ ရှမ်းဒုက္ခသည်စခန်းကော်မတီဝင်တွေနဲ့ ယန်ဟီလီ တေ့ွဆုံခဲ့ပါတယ်။ သူရဲ့ ခရီးစဉ်တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်က Korea Press Center မှာ February လ ၁ ရက်နေ့ကျရင် ယန်ဟီလီက သတင်းစာရှင်းလင်းပွဲပြုလုပ်မှာပါ။
ကုလအထူးစုံစမ်းရေးမှူး အနေနဲ့ မြန်မာနိုင်ငံ လာရောက်ခွင့်ကို မြန်မာအစိုးရက ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ လည်း ယန်ဟီလီက သူရဲ့ twitter လူမှုကွန်ယက်ကနေ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်း ခရီးစဉ်နဲ့ ပတ်သက်လို့ အဖြစ်အပျက်အမှန်တွေကို ရှာဖွေဖို့နဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဖိနှိပ်ခံရသူ အားလုံးနဲ့ မည်သူမဆိုအတွက် ထုတ်ဖေါ်ပြောဆိုဖို့ ဘယ်အရာကမှ သူ့ကို တားဆီးလို့ရမှာမဟုတ်ကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။
Your browser doesn’t support HTML5