[ Zawgyi ]
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မကြာသေးခင်က မိုးကြီးရေလျှံမှုတွေကြောင့် သိန်းချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း လူပေါင်းထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို၊ ချင်းပြည်နယ် မင်းတပ်တဝိုက်မှာလည်း ဒေသခံ ၁၆,၇၀၀ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က သောကြာနေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်နဲ့ ကယားပြည်နယ်တွေမှာလည်း လူပေါင်း ၁၄၁,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်ထဲက မြို့နယ် ၁၅ ခုမှာ ၂၀၂၁ ခုနှစ်ဆန်းပိုင်းကစ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၂၆,၀၀၀ ကျော်ရှိခဲ့ပြီး၊ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးသူ ၆,၄၀၀ လောက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
ပြည်တွင်းဒုက္ခသည် စခန်းတွေနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေက စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လပ်တဲ့ သတင်းတွေအတွက် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
ဇူလိုင်လလည်ကစပြီး မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မန္တလေး၊ တနင်္သာရီတိုင်းတွေက လူပေါင်း ၁၂၅ ၀၀၀ လောက် ရေဘေးဒဏ်ခံခဲ့ရပြီး လူသေဆုံးမှုနဲ့ အတူ အိမ်တွေ စိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီအတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၆ သန်းခွဲမှာ ၄၅ % ရရှိထားပြီး ယာယီအရေးပေါ်တုန့်ပြန်ရေးအစီအစဉ်အတွက် သတ်မှတ်ထားတဲ့ ဒေါ်လာ ၁၀၉ သန်းအတွက် ၁၀ % လောက်သာ ရရှိသေးတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
==============================
Your browser doesn’t support HTML5
[ Unicode ]