ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးဆောင်ရွက်မှုတွေ ရပ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ ခွင့်ပြုဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆက်ပြီး တိုက်တွန်းနေကြပါတယ်။ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် ခေါင်းဆောင်တချို့က မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခုလို ထည့်သွင်းပြောသွား ခဲ့ကြတာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ပြဿနာ ဖြစ်နေတာကိုသာ မကြည့်ပါနဲ့။ ပြဿနာကို ဘယ်လို ရှောင်ရှားနိုင်မလဲဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းအားထုတ် အဖြေရှာပေးဖို့ ပြောကြားထားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
နယူးယောက်မြို့ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲ မိန့်ခွန်းမှာ အတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ်ထဲမှာ မတူညီတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခုကြား တင်းမာမှုတွေ ပိုဆိုးလာတဲ့ အခြေအနေကို ထည့်သွင်း ပြောကြားသွားပါတယ်။ Mr. Guterres မိန့်ခွန်းမပြောခင် နာရီပိုင်း အလိုတုန်းကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရည်ရွယ်ပြီး ရခိုင်ပြည်နယ် အခြေအနေကို အဓိက ရှင်းပြခဲ့တဲ့ မိန့်ခွန်းထဲက အချက်တွေကို သူမှတ်သားထားတယ်လို့ အတွင်းရေးမှူးချုပ် Guterres ကအထွေထွေညီလာခံမိန့်ခွန်းမှာ ခုလိုပြောကြားခဲ့ပါတယ်။
"နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းပါ အချက်တွေကို ကျနော် မှတ်သားထားပါတယ်။ Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ ရည်ရွယ်ချက် ရှိတယ်ဆိုတာကိုလည်း မှတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ စစ်ဆင်ရေးတွေ ရပ်ရမယ်။ လူသားချင်း စာနာမှု အကူအညီတွေ အတားအဆီးမရှိ ခွင့်ပေးရမယ်။ ဒုက္ခသည်တွေနေရပ်ကို အန္တရာယ်ကင်းစွာ သိက္ခာရှိစွာ ပြန်ခွင့်ရှိရမယ် ဆိုတာကို ကျွန်တော် အလေးအနက် ထပ်ပြောပါရစေ။ ရိုဟင်ဂျာတွေရဲ့ နာကျည်း မကျေနပ်ချက်တွေကို ကျွန်တော်တို့ ဖြေရှင်းရပါမယ်။ သူတို့ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးနဲ့ ပတ်သက်လို့ မဖြေရှင်းဘဲ နေလာခဲ့တာ ကြာလှပါပြီ။"
ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဖိနှိပ်တွေကြားက လွတ်မြောက်အောင် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေပြဿနာက အရေးပေါ် ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ဆိုပြီး စစ်ဆင်ရေးတွေ ရပ်ရမယ်လို့ အထွေထွေညီလာခံ မိန့်ခွန်းမှာ အလားတူ ပြောသွားခဲ့ပါတယ်။
" စစ်ရေးဆောင်ရွက်မှုတွေ ရပ်ရပါမယ်။ လူသားချင်းစာနာမှု အကူအညီတွေ အသေအချာပေးနိုင်ခွင့် ရှိရပါမယ်။ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရှိလာအောင် လုပ်ရပါမယ်။ အားလုံးသိကြတဲ့အတိုင်း လူမျိုးပြုတ် ရှင်းလင်းမှုပြဿနာကို ကျွန်တော်တို့ ကိုင်တွယ်နေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီထဲမှာ ပြင်သစ်နိုင်ငံက အစပြု ဆောင်ရွက်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။"
အင်္ဂါနေ့က နေပြည်တော်မှာ ပြောကြားသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေက စက်တင်ဘာ ၅ ရက်နေ့ထဲက အဆုံးသတ်သွားပြီလို့ ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မတရားအကြမ်းဖက်မှုတွေကို ရှုံချတယ်လို့လည်း ပြောခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေကြောင့် ထွက်ပြေးနေရတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေရဲ့အရေးကိုသာ နိုင်ငံတကာက အာရုံစိုက်နေပြီး အရင်ကအတိုင်း ဆက်လက်နေထိုင်နေကြတဲ့ မွတ်ဆလင်အများစုရှိနေတာကို ဘယ်သူမှ သိပ်မသိကြဘူးဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ထောက်ပြသွားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင်ရွာပေါင်း ၅၀ ရာခိုင်နှုန်းကျော်က ဘာကြောင့် ထွက်မပြေးသလဲဆိုတာကို လေ့လာ အဖြေရှာဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ပြဿနာကိုပဲ မကြည့်ပါနဲ့။ ပြဿနာမရှိတဲ့နေရာတွေ ကိုလည်း ကြည့်ဖို့လိုပါတယ်။ အဲဒီနေရာတွေမှာကျတော့ ပြဿနာကို ဘာကြောင့် ရှောင်ရှားနိုင်ရတာလဲဆိုတာ လေ့လာဖို့လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထဲမှာ တခြားသူတွေနဲ့ တသားတည်းအောင်မြင်စွာနေထိုင်နေကြတဲ့မွတ်ဆလင်တွေဆီကနေ ဘာကြောင့် ဒီလိုနေနိုင်သလဲဆိုတာ ပိုမိုနားလည်သဘောပေါက်နိုင်ဖို့ သံတမန်အသိုင်းအဝိုင်း အနေနဲ့ ကျွန်မတို့နဲ့အတူ အားထုတ်အဖြေရှာဖို့ ဖိတ်ခေါ်ပါတယ်။"
၂၀၁၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေမှာ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ခဲ့ပြီးနောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေး အဖွဲ့တခုကို ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ မြန်မာအစိုးရက ခွင့်မပြုပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းအရ သွားလေ့လာနိုင်မယ့် အလားအလာရှိတယ်လို့ ၃ ဦးပါ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ခေါင်းဆောင် Marzuki Darusman က Switzerland နိုင်ငံ Geneva မြို့မှာပြုလုပ်တဲ့ မြန်မာနိုင်ငံ့အရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ၃၆ ကြိမ်မြောက်စည်းဝေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ အပြန်အလှန်စည်းဝေးပွဲဖြစ်ပါတယ်။
" အဓိကအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒီနေ့မနက်ပြောကြားသွားတဲ့မိန့်ခွန်းမှာ တိုးတက်မှုတွေရှိခဲ့တာကို စည်းဝေးပွဲမှာ အနှစ်ချုပ်နိုင်သလောက်ဆိုရင် ပထမတချက်က ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်လာဖို့ ကြိုဆိုတယ်။ အချက်အလက်စုံစမ်းရေးအဖွဲ့နဲ့ ပိုသက်ဆိုင်တဲ့ ဒုတိယအချက်ကတော့ အဲဒီမှာဘာဖြစ်နေသလဲဆိုတာကို နိုင်ငံတကာက စေ့စေ့စပ်စပ် စုံစမ်းတာကို မြန်မာကကြိုဆိုတယ်ဆိုတာပါ။"
ကုလသမဂ္ဂရဲ့အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ဆက်သွယ်မှုကို မြန်မာအစိုးရဖက်က လုံးဝဖြတ်တောက်ထားတာ မဟုတ်တဲ့အတွက် အစိုးရနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့လည်း Mr. Marzuki Darusman ကပြောကြားခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို ့နိုင်ငံထဲကို ဝင်ရောက်လေ့လာခွင့်ပြုဖို့လည်း သူက ထပ်ပြီးတောင်းဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5