ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှု အမေရိကန် ဝေဖန်

စစ်ကောင်စီ တရားခွင်အတွင်း တွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်။ (မေ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုဟာ မြန်မာ့ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ထပ်ပြီး စော်ကားလိုက်တာ ဖြစ်တယ်လို့ အမေရိကန်က ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့မှုဟာဆိုရင် မျှတတဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့လည်း ကုလသမဂ္ဂဘက်က ထောက်ပြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား ပြစ်ဒဏ်ချမှတ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တာဝန်ရှိသူတွေကို ဖိနှိပ်ညှဉ်းပန်းတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်ဟာ မြန်မာ့ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ထပ်မံ စော်ကားလိုက်တာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနင်္လာနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား ပြစ်ဒဏ်ချမှတ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တာဝန်ရှိသူတွေကို ဖိနှိပ်ညှဉ်းပန်းတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်ဟာ မြန်မာ့ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ထပ်မံစော်ကားလိုက်တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဘက်က တရားဥပဒေ စိုးမိုးရေးကို မထီမဲ့မြင် လုပ်နေပြီး ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေတာတွေဟာ ဆိုရင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာကို မီးမောင်းထိုး ပြသနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ တာဝန်ရှိသူတွေ အပါအဝင် မတရား ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရေး စစ်အာဏာရှင်ကို တောင်းဆိုပါတယ်။” လို့ အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ဖော်ဆောင်ရေးအတွက် သဘောတူညီချက် ၅ ရပ်အတိုင်း သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်ဖို့ စစ်တပ်ကို တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်မှုကို နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ကလည်း ကြေညာချက်ထုတ် ကန့်ကွက်ထားပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်ဒဏ်စီရင်ချက် ချမှတ်မှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်မှုပိုင်းကို နိုင်ငံရေး အခင်းအကျင်းကနေ ဖယ်ထုတ်ဖို့ ကြံစည်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ရကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

SEE ALSO: စစ်ကောင်စီအပေါ် တိုးမြှင့် ဖိအားပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသူတွေကို ပြန်လွှတ်ပေးရေး၊ နောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုကြောင်းလည်း နော်ဝေ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်တွေမှာ တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးစီရင်ချက် ချမှတ်မှုကို တရုတ်ဘက်က မဝေဖန်ပါဘူး။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူအားလုံး အနေနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ရည်မှန်းပြီး မတူကွဲပြားမှုတွေကို လျှော့ချကာ အခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေ အတွင်းကနေ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ပြောဆိုခဲ့တာပါ။

ဒီတရားစီရင်ရေးဟာ မျှတတဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး၊ စစ်ကောင်စီထိန်းချုပ်တဲ့ တရားရုံးရဲ့ အတုအယောင် တရားစီရင်မှုလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ရှုတ်ချလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း ပြန်လွှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အခုလို ပြောပါတယ်။

“နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှခွင့်၊ အပြစ်မရှိဟု မှတ်ယူခြင်း၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးရဲ့ ကြားနာမှုကို လူထုရှေ့မှောက်မှာ မျှတစွာရရှိခွင့် စတဲ့မူတွေကို ပြဋ္ဌာန်းထားပြီး လူပုဂ္ဂိုလ်တဦးရဲ့ ခုခံကာကွယ်မှုအတွက် ဒါတွေအားလုံးကို အာမခံချက်ပေးဖို့ လိုအပ်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားရုံးက ကနဦး ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တာပါ။ တရားရုံး အမိန့်ချမှတ်တဲ့နေ့မှာပဲ တရားရုံးရဲ့ ပြစ်ဒဏ်စီရင်ချက်ကို စစ်ကောင်စီ အကြီးအကဲက လျှော့ချလိုက်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ၂ နှစ်ကျခံဖို့ ကြေညာခဲ့တာပါ။ ဒီတရားစီရင်မှုအပေါ်မှာ ကုလသမဂ္ဂ၊ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အခွင့်အရေး အဖွဲ့တွေက တရားစီရင်ရေး မမျှတမှုကို ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှု အမေရိကန် ဝေဖန်

-----------------------

(Unicode)






SEE ALSO: ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရမှု နိုင်ငံတကာ ဝေဖန်တုံ့ပြန်






