မြန်မာအတွက် အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ ကန်အမတ်တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးအစည်းအဝေးအခမ်းအနား (ဇူလိုင် ၁၁၊ ၂၀၂၃)

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ သက်တမ်း ရှေ့နှစ်ကုန်ဆုံးသွားခဲ့ရင်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး တာဝန်တွေကိုတော့ ဆက်လက် ထမ်းဆောင်သင့်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Tammy Duckworth က တိုက်တွန်းပြောဆိုပါတာကို အင်ဒီုနီးရှားနိုင်ငံ ANTARA သတင်းမှာ ဖေါ်ပြပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရှေ့နှစ်မှာ လာအိုက ယူမှာဖြစ်ပါတယ်။

အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ်ကို အလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်လေ့ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဒီနှစ် ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးရဲ့ အကြီးအကဲအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဦးဆောင်ပါတယ်။ မြန်မာ့အရေး အင်ဒီုနီးရှားနိုင်ငံကပဲ ဆက်လက်ဦးဆောင်လုပ်ကိုင်သွားဖို့ ဂျာကာတာကို ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Tammy Duckworth က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အကြံပေး ပြောဆိုသွားတာပါ။ Duckworth ဟာ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ ပါလီမန်များညီလာခံ AIPA ကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။ အာဆီယံဒေသအတွင်း နိုင်ငံတွေက ကိုယ်စားလှယ်တော်တော်များများနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြု ပြောဆိုပြီး တခြားနိုင်ငံတွေအနေနဲ့လည်း အလားတူ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ဖို တိုက်တွန်းခဲ့တာပါ။

ဂျာကာတာမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ AIPA မှာ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လေ့လာသူတွေ သဘောတူခဲ့ကြပါတယ်။

Your browser doesn’t support HTML5

မြန်မာအတွက် အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ ကန်အမတ်တိုက်တွန်း