၂၄၈ နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ နိုင်ငံတဝန်းကျင်းပဆင်နွှဲ

အမေရိကန်လွှတ်တော်နောက်ခံနဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီးရှူးမီးပန်းတွေ ပစ်ဖောက်ကျင်းပပုံ။ (ဇူလိုင် ၄၊၂၀၂၃)

၂၀၂၄ ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ဟာ အမေရိကန်နိုင်ငံရဲ့ ၂၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

ဗြိတိန်လက်အောက်ကလွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံဟာ ၁၇၀၀ ပြည့်နှစ်တွေမှာ ဗြိတိန်နဲ့ရန်ဘက်ဖြစ်ခဲ့ပေမယ့် ၂၀ ရာစုနှစ်တွေမှာတော့ အခိုင်မာဆုံး ဒီမိုကရေစီ မိတ်ဆွေအဖြစ်နဲ့ ကမ္ဘာစစ် ၂ ကြိမ် စလုံးကိုရော ကမ္ဘာ့ပဋိပက္ခအမျိုးမျိုးကိုပါ အတူတကွ လက်တွဲကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတလွှားမှာတော့ လွတ်လပ်ရေးနေ့အားလပ်ရက်ကို မြို့ရွာအတော်များများမှာ မီးရှူးမီးပန်းတွေဖေါက်ပြီး ဆင်နွှဲခဲ့ကြသလို အမေရိကန်လွတ်လပ်ရေးနေ့ရဲ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ မဲပေးခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိမှုကိုဂုဏ်ပြုတဲ့အနေနဲ့ စီတန်း လှည့်လည်ပွဲတွေ၊ အခန်းအနားတွေ ကျင်းပဆင်နွှဲကြပါတယ်။ မိသားစုတွေ မိတ်ဆွေတွေစုဝေးပြီး ချက်ပြုတ်စားသောက်တာ၊ ပျော်ပွဲရွှင်ပွဲတွေလုပ်တာနဲ့ လွတ်လပ်ရေးနေ့ကိုကျင်းပတာလည်း ရှိပါတယ်။

ဒီနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုအဖြစ် ရီပတ်ဘလစ်ကင်ပါတီက သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ မကြာသေးခင်ကမှ စကားစစ်ထိုးခဲ့တဲ့ ဒီမိုကရက်ပါတီက သမ္မတဂျိုးဘိုင်ဒန်ကလည်း သမ္မတအိမ်ဖြူမှာ လွတ်လပ်ရေးနေ့ အသားကင်ပါတီပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ပြင်မှာ နှစ်စဉ်ကျင်းပနေကျ မီးရှူးမီးပန်းပွဲတော်ကို မတက်ရောက်ခင် စစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

ဇူလိုင် ၄ ရက်မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပရုံတင်မကဘဲ အမေရိကန်နိုင်ငံသားခံယူပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ ဒီနှစ် လွတ်လပ်ရေးအားလပ်ရက် သီတင်းပတ်အတွင်း တရားဝင် အမေရိကန်နိုင်ငံသားခံယူဖို့သစ္စာဆိုသူ တသောင်းတထောင်လောက်ရှိပြီး ဒါဟာ မနှစ်ကနဲ့စာရင် ၂ ဆ ပိုများပါတယ်။ ဇွန်လ ၂၈ ရက်ကနေ ဇူလိုင် ၅ ရက်အတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ နိုင်ငံသား ခံယူပွဲပေါင်း ၁၉၅ ခု ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

၂၄၈ နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ နိုင်ငံတဝန်းကျင်းပဆင်နွှဲ