ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း နိုဝင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ သူပါ။ သူ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့စဉ်တုန်းက မြန်မာပြည်ရဲ့ အရေး ဘယ်လောက်ထိ ဆောင်ရွက်မှုတွေ ရှိခဲ့သလဲ။ သူ့ရဲ့နေရာကို အစားထိုးယူမယ့် Mike Pompeo လက်ထက်မှာရော မြန်မာပြည် ဆိုင်ရာ ကိစ္စတွေကို ဘယ်လို ဆောင်ရွက်သွားနိုင် မလဲ။ ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Derek Mitchell ကို ဒေါ်လှလှသန်းက ဆက်သွယ် မေးမြန်းတဲ့ အခါမှာ သူက အခုလို စပြီး ပြောဆိုပါတယ်။
သံအမတ်ဟောင်း Derek Mitchell ။ ။ ဝန်ကြီး Tillerson မြန်မာနိုင်ငံကို နိုဝင်ဘာက သွားခဲ့ပါတယ်။ အဲဒီတုန်းက သမ္မတက အဲဒီဒေသဘက်ကို ရောက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့ အောင်မြင်မှုတော့ မရှိခဲ့ပါဘူး။ သမ္မတ Obama အစိုးရလက်ထက်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုက သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူမြန်မာနိုင်ငံကိုသွားခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းပွဲလုပ်ခဲ့တယ်။ နောက်ပိုင်း ပုံမှန်ဆွေးနွေးမှုတွေ။ ပြောဆိုမှုတွေလုပ်တာ မတေ့ွရပါဘူး။ ဒါကြောင့် အသစ်တက်မယ့် နိုင်ငံခြားရေးဝန်ကြီး Pompeo လက်ထက်မှာ ခေါင်းဆောင်မှုကိုပြီး ပြနိုင်မလား စောင့်ကြည့်ရမှာပါ။
ဒေါ်လှလှသန်း။ ။ သမ္မတ Trump က Exxon Mobile CEO တဦးဖြစ်တဲ့ ဝန်ကြီး Tillerson နေရာမှာ အခု CIA ညွှန်ကြားရေးမှူး Mike Pompeo ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်လိုက်ပါပြီ။ ဘယ်နိုင်ငံခြားရေး ဝန်ကြီး လက်ထက်ဘဲ ဖြစ်ဖြစ် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပေါ်လစီကတော့ အမြဲဘဲ ထောက်ခံ အားပေးနေတာကို တွေ့ရပါတယ်။ အခု ဝန်ကြီး အသစ် လက်ထက်မှာရော အပြောင်းအလဲကို မြင်ပါသလား။
သံအမတ်ဟောင်း Derek Mitchell ။ ။ ပေါ်လစီပိုင်းအရ သွားရမဲ့ လမ်းကြောင်းမှာ အပြောင်းအလဲ ကျနော်မမြင်ပါဘူး အခြေခံအားဖြင့် အိုဘားမား လက်ထက်က ချခဲ့တဲ့ ပေါ်လစီကိုပဲ ဆက်လက် ကျင့်သုံးသွားဖို့ရှိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မှုအတွက် အမေရိကန် အစိုရခေတ် အဆက်ဆက်က ထောက်ခံအားပေးခဲ့တာပါ။ အခုအခြေနေမှာ လက်ခံထားတဲ့မူက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဝိုင်းကျဉ်မှုတွေက အဖြေမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကသာ အဖြေဖြစ်တယ် ဆိုတာပါပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပြီး စိတ်မကောင်းစရာ မြင်ကွင်းတွေ တွေ့နေရတဲ့အတွက် ထိတွေ့ဆက်ဆံမှု ဟာလည်း ထိရောက်မှုရှိဖို့ ချိန်ဆလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးသစ် Pompeo လက်ထက်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီ သိပ်မမြင်ပါဘူး။ Pompeo က အရှေ့တောင်အာရှ အတွေ့အကြုံ မရှိပေမဲ့ မြောက်ကိုရီးယား အရေးတော့ သူကျွမ်းကျင်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အာရုံစိုက်နိုင်ပါတယ်။ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး သတင်းတွေ ထွက်နေတော့ အဲဒါ Pompeo ရဲ့ အာရုံစူးစိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုလည်း သူအာရုံစိုက်ပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာအရေးမှာ အကြမ်းဖက်သမားတွေ နှိမ်နင်းရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ပူးပေါင်းနိုင်ဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ တခွင်မှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သူအာရုံစိုက် လုပ်ဆောင်နိုင်ဖို့ရှိပါတယ်။
ဒေါ်လှလှသန်း။ ။ လက်ရှိမှာ ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေးကို ကမ္ဘာက ဦးစားပေးနေတာ ဖြစ်တဲ့ အတွက်ကြောင့် အခု တက်လာတဲ့ နိုင်ငံခြားရေး ဝန်ကြီးသစ် လက်ထက်မှာရော ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဆောင်ရွက် အရေးယူဖို့ ရှိမယ်လို့ မြင်ပါသလား။
သံအမတ်ဟောင်း Derek Mitchell ။ ။ သူကတော့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပုံမပေါ်ပါဘူး။ စစ်ဖက်က လာတဲ့သူပါ။ ကမ္ဘာပေါ်မှာ စိုးရိမ်မကင်းဖြစ်စရာကောင်းတဲ့ ကိစ္စရပ်တွေကို ဦးစားပေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံကတော့ သာမန်အားဖြင့် အထူးအာရုံစိုက်ခံခဲ့ရတာ မဟုတ်ပါဘူး။ Obama အစိုးရလက်ထက်ကတော့ တမူထူးခြားခဲ့ပါတယ်။ ဒါပေမဲ့ ခုဝါရှင်တန်မှာ အထူးသဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှရဲ့ အရေးပါမှုကို ပိုပြီးသိလာကြပြီလို့ ကျွန်တော်ထင်ပါတယ်။ Pompeo အနေနဲ့ ရိုဟင်ဂျာအရေးကို ဦးစားပေး မပေးဆိုတာတော့ ကျွန်တော်မသိပါဘူး။ သမ္မတ Trump နဲ့သူနီးစပ်ပြီး Turmp ဦးစားပေးတဲ့ကိစ္စတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ IS တိုက်ဖျက်ရေး စတာတွေအပေါ် မြန်မာကိစ္စထက် ပိုပြီးဦးစားပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ကြိုပြောလို့ မရပါဘူး။ မမျှော်လင့်တာတွေ ဖြစ်တတ်လို့ပါ။
ဒေါ်လှလှသန်း။ ။ မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေမှာ ထောက်ပြဝေဖန်စရာတွေ မကြာခဏ ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။ ဒါကြောင့် Pompeo အနေနဲ့ ဒီရှုထောင့်ကနေပြီးတော့ မြန်မာနိုင်ငံ အပေါ် ပိုပြီးတော့ စိတ်ဝင်စား အာရုံစိုက်မှု ရှိလာမယ်လို့ ယူဆပါသလား။
သံအမတ်ဟောင်း Derek Mitchell ။ ။ ကမ္ဘာတဝှမ်းမှာ မြောက်ကိုရီးယားရဲ့ ဝင်ငွေရဖို့ သံတမန်ရေး ထောက်ခံမှုရဖို့ ငွေကြေးထောက်ပံ့မှုရဖို့ ကြိုးပမ်းမှုတွေကို ပိတ်ပင်ဖို့ စတင်လှုပ်ရှားနေပါပြီ။ အခုပေါ်လစီက ဖိအား အများဆုံး ပေးမယ်၊ ထိတွေ့ဆက်ဆံမယ်၊ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းနဲ့ နျူကလီယားထုတ်ဖို့ အားပေးမယ့် အရင်းအမြစ်တွေကို ပိတ်ပင်ဖို့ ဖြစ်ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား ကြာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိတာ မှန်ပါတယ်။
ဒါ့ကြောင့် Pompeo လို CIA ထောက်လှမ်းရေးက လာတဲ့သူကို မြောက်ကိုရီးယား ကိုပံ့ပိုးနေတဲ့ နည်းလမ်းတွေကို လိုက်ပိတ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စမှာ သတိထားဖို့၊ မထားရင် ပြဿနာ တက်နိုင်ပါတယ်။
Your browser doesn’t support HTML5