အောက်တိုဘာလ ၁၀ ရက်နေ့ဟာ မြောက်ကိုရီးယားနိုင်ငံက လက်ရှိ အာဏာရ အလုပ်သမားပါတီ တည်ထောင်တဲ့ ၇၂ ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး အခု ရက်ပိုင်းတွေအတွင်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ ထပ်ပြီး လုပ်လိမ့်ဦးမယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်နေပါတယ်။ ဒီအချိန်မှာပဲ မြောက်ကိုရီးယားနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားကြလို့အမေရိကန်စစ်တပ် ခေါင်းဆောင်တွေက သူ့တပ်ဖွဲ့ဝင်တွေကို ပြောလိုက်ပါတယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Victor Beattieရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။
မြောက်ကိုရီးယားနဲ့ စစ်ရေးရင်ဆိုင်ဖို့အဆင်သင့် ပြင်ထားကြလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က အမေရိကန် တပ်ဖွဲ့တွေကို ပြောဆိုခဲ့ပြီး နောက်တရက်အကြာမှာပဲ အမေရိကန် ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Mark Milleyက အရေးပေါ် အခြေအနေအတွက် စစ်ရေးပြင်ဆင်မှု အနေနဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ စူးရှပြတ်သားတဲ့ အာရုံစိုက်မှုနဲ့ ရှိနေကြရမယ်လို့အမေရိကန် ကြည်းတပ် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ မနေ့ကဘဲ ပြောဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ အကြား စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေ တနေ့တခြား ပြင်းထန် လာနေတာနဲ့ အတူ ၂ နိုင်ငံအကြား တင်းမာမှုတွေ ပိုပြီး မြင့်တက်လာနေတာကြောင့် အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးလာ မယ့် အရေးကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ တရုတ်နဲ့ ရုရှားနိုင်ငံတွေကလည်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တနင်္လာနေ့တုန်းကပဲ သီးခြားစီ ပြောဆိုခဲ့ကြပါတယ်။ နိုင်ငံတကာလေ့လာမှုတွေ လုပ်နေတဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Atlantic Council က အကြီးတန်း အဖွဲ့ဝင် Robert Manning ကတော့ သမ္မတထရမ့်ရဲ့ တွစ်တာရေးသားမှု တွေက အခြေအနေတွေကို ပိုပြီး ဆိုးဝါးလာစေတယ်လို့ ယူဆနေပါတယ်။
“ စစ်တပ်ရဲ့အလုပ်က အရေးပေါ်ရင် ပေါ်သလို လှုပ်ရှားဆောင်ရွက်ရတာမျိုးပါ။ ဒါက စစ်တပ်ရဲ့သဘာဝပါ။ ဘာမှထူးပြီး ပူပင်နေရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က စစ်ရေးအရ အသင့်ပြင်ဆင် ထားတဲ့ ကိစ္စမျိုး လုပ်လာခဲ့တာ နှစ်တွေ တော်တော်ကြာပါပြီ။အဆန်းမဟုတ်ပါဘူး။ ပြဿနာကို ပိုပြီး ဆိုးသွားစေတာက နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တရုတ်နိုင်ငံကို သွားပြီးမြောက်ကိုရီးယားကို တရုတ်ကနေတဆင့် ဖိအားတွေ ပိုပြီးပေး လာအောင် စည်းရုံးပြောဆို နေတဲ့ အချိန်မှာ သမ္မတထရမ့်က တွစ်တာကနေပြီး ရေးသားနေတာတွေက ဘာမှ အထောက် အကူမဖြစ်ဘဲ သက်သက် အချိန်ဖြုန်းရာ ရောက်ပါတယ်။”
တကယ်တမ်းမှာ သမ္မတထရမ့်ကို တကယ်လုပ်နိုင်စွမ်းရှိတဲ့လူလို့ မြောက်ကိုရီးယားဘက်က မြင်ပုံမရဘူးလို့လည်း Robert Manningက ပြောပါတယ်။
“ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက သမ္မတထရမ့်ကို ဟန်ပဲရှိတဲ့ စက္ကူ ကျားတကောင်လို့ပဲ မြင်နေကြတာပါ။ သမ္မတထရမ့်က ဒီလိုမျိုးတွေ ဆက်ပြီး ပြောနေသရွှေ့ မြောက်ကိုရီးယား ကလည်း ဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ ဆက်ပြီး စမ်းသပ် ပြနေမှာပါပဲ။ တရုတ်နိုင်ငံကိုလည်း ထိုနည်း၎င်းပဲ သမ္မတထရမ့်က ကုန်သွယ်ရေး ပိတ်ဆို့မှုတွေလုပ်မယ်၊ တရုတ်ရဲ့ သွင်းကုန်တွေကို အခွန်တွေ တိုးပြီး ကောက်မယ် စသဖြင့် ပြောနေတာပါပဲ။ တကယ်လည်း ထိထိရောက် ရောက် ဖြစ်မလာပါဘူး။ သမ္မတထရမ့်က ဒီကိစ္စတွေမှာ ဘယ်လောက် အလေးအနက် ရှိနေသလဲ၊ သမ္မတထရမ့်ရဲ့ ပြောဆိုချက်တွေကို တခြားနိုင်ငံတွေက ဘယ်လောက် အလေးအနက် ထားနေကြသလဲ ဆိုတာက တကယ်တမ်း အသေအချာသိဖို့ လိုနေတဲ့ ကိစ္စတွေပါ ။”
မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည် ပစ်လွှတ်မှုတွေနဲ့ နျူကလီးယား စမ်းသတ်မှုတွေ ဆက်ပြီး လုပ်နေတာကြောင့် ကုလ သမဂ္ဂက အရေးယူ ပိတ်ဆို့မှုတွေ တခုပြီးတခု ချမှတ်ထားပါတယ်။ ဒီလို ပိတ်ဆို့မှုတွေလုပ်ထားတဲ့ ကြားကပဲ ကျောက်မီး သွေးနဲ့ တခြား တားမြစ် ကုန်ပစ္စည်းတွေကို နိုင်ငံခြား တင်ပို့တာတွေ မြောက်ကိုရီးယားဘက်က ဆက်ပြီး လုပ်နေတာကြောင့် မြောက်ကိုရီးယားပိုင် ကုန်တင်သင်္ဘော ၄ စီးကို ဘယ်နိုင်ငံရဲ့ ကမ်းကိုမှ ဆိုက်ကပ်ခွင့် မပြုဘူးလို့ တနင်္လာနေ့တုန်းကပဲ ကုလသမဂ္ဂက ထပ်ပြီး တားမြစ်လိုက်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ဘက်က တုန့်ပြန်မှုတွေ လောလောဆယ်ဘာမှ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5