ကန်အစိုးရ အသုံးစရိတ်မူကြမ်း သမ္မတ လက်မှတ်မထိုးသေး

အမေရိကန်သမ္မတ Donald Trump. (ဒီဇင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump က ကိုဗစ်ကာလ အကူအညီပေးရေး ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို စနေနေ့ည သန်းခေါင်ယံ အချိန်အထိ လက်မှတ်မထိုးတာကြောင့် အလုပ်လက်မဲ့ ခံစားခွင့်နဲ့ အိမ်ငှားခပေးဖို့ အခက်အခဲတွေ့နေသူတွေအတွက် ပေးအပ်နေတဲ့ ခံစားခွင့်တွေ တနင်္ဂနွေနေ့က စလို့ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ ဒီဥပဒေကြမ်းကို သမ္မတ Trump က ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေခဲ့တာဖြစ်ပြီး မနေ့ စနေနေ့အထိလည်း ဆက်ပြီး ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။

SEE ALSO: Covid ကာလ ထောက်ပံ့ကြေး တိုးမြှင့်ရေး သမ္မတ Trump ရဲ့အစီအစဉ်ကို ရီဘတ်ပလစ်ကင် အမတ်တွေပယ်ချ

ဥပဒေမူကြမ်းမှာပါရှိတဲ့ အမေရိကန် ပြည်သူတွေအတွက် ထောက်ပံ့ငွေ တဦးကို ငွေကြေး ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂,၀၀၀ စီပေးဖို့ လိုလားသလို ဥပဒေမူကြမ်းထဲက အလဟဿ သုံးစွဲတဲ့ ငွေကြေးတွေကိုလည်း ရပ်ဆိုင်းပစ်ပါလို့ သူက တွစ်တာမှာ စနေနေ့က ရေးထားပါတယ်။

ဒေါ်လာ ၂,၀၀၀ တိုးမြှင့်ပေးဖို့ကို သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ်တွေ ကိုယ်တိုင်က ကန့်ကွက်နေတာဖြစ်ပြီး အခုလို ထောက်ပံ့ငွေတိုးပေးဖို့ ဒီမိုကရက်တွေက ကြိုးပမ်းချက်တွေကို ရီပတ်ဘလစ်ကန်တွေက ပယ်ချနေပါတယ်။

ဥပဒေမူကြမ်းကို သမ္မတ လက်မှတ်မထိုးတာကြောင့် အမေရိကန်ပြည်သူ ၁၄ သန်း အလုပ်လက်မဲ့ခံစားခွင့် ဆုံးရှုံးမှာဖြစ်တယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အမေရိကန်ဒေါ်လာ ၂.၃ ထရီလီယံ သုံးစွဲမယ့် ဒီဥပဒေမူကြမ်းကို သမ္မတ Trump လက်မှတ်မထိုးရင် အမေရိကန်အစိုးရ တစိတ်တပိုင်းပိတ်ရဖို့ အခြေအနေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေ ခရစ္စမတ်ပိတ်ရက်ကို ဖျက်သိမ်းပြီး တနင်္လာနေ့မှာ တွေ့ဆုံပြီး ကြားဖြတ်အစီအစဉ်တခုကို မဲခွဲဆုံးဖြတ် အတည်ပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်အစိုးရ အသုံးစရိတ်မူကြမ်း သမ္မတ လက်မှတ်မထိုးသေး

----------------------------

(Unicode)






SEE ALSO: ပြည်သူတွေကိုပေးမယ့် ထောက်ပံ့ကြေးပမာဏ တိုးမြှင့်ဖို့ သမ္မတ Trump လိုလား


