ရုရှားအတွက်  ဒရုန်းထုတ်လုပ်ရေးမှာပါဝင်တဲ့ ကုမ္ပဏီတွေကို ကန် အရေးယူ​​​​​​​

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရုရှားဒရုန်းက ယူကရိန်းနိုင်ငံ၊ Donetsk ဒေသမှာ ဗုံးချနေစဥ်။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)

ယူကရိန်းကို ရုရှားတိုက်ခိုက်မှုအတွင်း လူအစုလိုက်သေဆုံးစေတဲ့ ဒရုန်းတွေကိုဒီဇိုင်းဆွဲတာ၊ တည်ဆောက်တာနဲ့ တင်ပို့ပေးတဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အမေရိကန်အစိုးရက အရေးယူလိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အရေးယူခံရတဲ့ တရုတ် ကုမ္ပဏီကြီး ၂ ခုက Xiamen Limbach လေကြောင်းဆိုင်ရာ အင်ဂျင်ကုမ္ပဏီ လိမိတက်နဲ့ Redlepus စက်မှုလုပ်ငန်းကုမ္ပဏီ လိမိတက်တို့ ဖြစ်ပါတယ်။ ရုရှားရဲ့ TSK Vektor ကုမ္ပဏီနဲ့ အဲဒီ ကုမ္ပဏီရဲ့ ညွှန်ချုပ်တို့အပေါ်လည်း ဒဏ်ခတ်အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ရုရှားရဲ့ Garpiya တာဝေးပစ် ဒရုန်းအမျိုးအစားတီထွင်ရာမှာရော ဒီဒရုန်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး ရုရှားကို တိုက်ရိုက်တင်ပို့မှုတွေမှာပါ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ အကြီးတန်း အရာရှိတဦးက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

Garpiya ဒရုန်းကို တရုတ်က ရုရှား ကာကွယ်ရေးဌာနတွေနဲ့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲပုံစံထုတ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီ ဒရုန်းတွေကို ယူကရိန်းစစ်ပွဲမှာ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးရာမှာ သုံးခဲ့တဲ့အတွက် လူအစုလိုက် သေဆုံးခဲ့ရတာဖြစ်ကြာင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါကြောင့်ရုရှားရဲ့ လက်နက်ထုတ်လုပ်ရာမှာ သုံးတဲ့နည်းပညာနဲ့ အစိတ်အပိုင်းတွေထုတ်လုပ်မှုအတွက် ပံ့ပိုးကူညီနေတဲ့ တရုတ်အခြေစိုက်ကုမ္ပဏီတွေနဲ့ ရုရှားအခြေစိုက်ကုမ္ပဏီတွေ၊ ပါဝင်ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပြီး နောက်ထပ်ပါဝင်သူတွေကို ဆက်လက်စောင့်ကြည့် အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီလို လုပ်ဆောင်နေတဲ့ တရုတ်အခြေစိုက် ကွန်ယက်အဖွဲ့နဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကို သတိပေးထားခဲ့ပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနေ့မှာ ဗြိတိန်ကလည်း ရုရှားအတွက်လုပ်ဆောင်ပေးနေတဲ့ ရေနံတင်သင်္ဘော နောက်ထပ် ၁၈ စင်းကို ဗြိတိန်ဆိပ်ကမ်းတွေမှာကပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

Your browser doesn’t support HTML5

 ရုရှားအတွက်  ဒရုန်းထုတ်လုပ်ရေးမှာပါဝင်တဲ့ ကုမ္ပဏီတွေကို ကန် အရေးယူ