Trump လူဝင်မှုကြီးကြပ်ရေး တင်းကြပ်မှု မြန်မာဒုက္ခသည် အခြေချမှု အခက်အခဲကြုံ

အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းရောက်ရှိလာကြသူတွေ အင်္ဂလိပ်စာ သင်ယူမှု။

အမေရိကန် ပြည်ထောင်စုမှာ အခြေချဖို့ နှစ်စဉ်ဝင်ရောက်လာကြတဲ့ ဒုက္ခသည် အရေအတွက်ကို ဒီနှစ်ထဲ သိသိသာသာ လျှော့ချသွားမှာဖြစ်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ၊ DV ဗီဇာကံစမ်းမဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ မူဝါဒတွေနဲ့ ကိုင်တွယ်ဆောင်ရွက်သွားဖို့ လိုကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ အခုလို တင်းကြပ်လာတဲ့ သမ္မတထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒကြောင့် အမေရိကန်မှာ အခြေချဖို့ ကြားနိုင်ငံတခုမှာ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို အခက်ကြုံစေ တယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

အမေရိကန်ပြည်တွင်း ကိုသာ ပထမဦးစားပေးရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲနိုင်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုမှာ လာရောက်အခြေချမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချလိုသူ အရေးနဲ့ပတ်သက်လို့ တင်းကြပ်စွာ ကိုင်တွယ်ဖို့လိုကြောင်း ဧပြီလ(၁)ရက်နေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန် လွှတ်တော်ကို တိုက်တွန်းပြောဆို လိုက်တာပါ။

“ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားဖြစ်သွားတဲ့ နိုင်ငံခြားသားတွေကတဆင့် သူတို့ရဲ့ မူရင်းနိုင်ငံမှာကျန်နေတဲ့ မိဘ မောင်နှမတွေကို အမေရိကန်မှာ တရားဝင်လာရောက် အခြေချခွင့်ပေးတဲ့ အစီအစဉ်တွေ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုတွေ၊ နယ်စပ်ကနေ ခိုးဝင်လာသူတွေကို ဖမ်းပြီး ပြန်လွှတ်ပေးနေတာတွေ၊ လူဝင်မှုကိစ္စတွေမှာ လျော့ပေါ့ပြီး အဆုံးအဖြတ်ပေးနေတဲ့ တရားသူကြီးတွေ၊ DV ဗီဇာကံစမ်းမဲအစီအစဉ် စတဲ့ကိစ္စရပ်တွေကို လွှတ်တော်အနေနဲ့ အမြန်ဆုံး အရေးယူလုပ်ဆောင်ဖို့ လိုနေပါပြီ။ အဲဒီကိစ္စတွေကို ကျနော်သာ လုပ်မယ်ဆိုရင် ၄၅ မိနစ် ထဲနဲ့ ပြီးနိုင်ပါတယ်။ ”

ပြီးခဲ့တဲ့ ဆောင်းဦးပေါက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒုက္ခသည် ၃ သောင်း အထိပဲ လက်ခံဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခသည်ခေါ်ယူဖို့ ဥပဒေပြဌာန်းခဲ့တဲ့ ၁၉၈၀ ကစလို့ နှစ်ပေါင်း ၄၀ အတွင်း အနည်းဆုံး ခေါ်ယူတာဖြစ်တယ်လို့ အမေရိကန်မှာ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အင်ဒီယားနားပြည်နယ်က ဒေါက်တာ ရိုဒင်းငါကပြောပါတယ်။

“ အိုဘားမား လက်ထက်ပေါ့နော် အဲဒီတုန်းကတော့ တနှစ်ကို ၈ သောင်း၊ ၇ သောင်း အဲလိုယူတယ်။ အိုဘားမား နောက်ဆုံးနှစ်မှာ တသိန်း တသောင်းယူဖို့ ဆုံးဖြတ်တယ်။ အဲဒါ နှစ် တဝက်မှာဘဲ သမ္မတ Trump တက်လာတော့ အဲဒါကို ၅ သောင်း ၅ ထောင် လေ ျှာ့တယ်။ မနှစ်ကတော့ ၄ သောင်း ၅ ထောင်လို့ ပြန်လေ ျှာ့တယ်။ အခုကတော့ ၃ သောင်းကျော် အဲဒါမျိုး ပြန်လေ ျှာ့တယ်။ ဆိုတော့ ဗမာပြည်သားတွေ အမေရိကကို ရောက်လာတာ တော်တော် နည်းသွားပြီ။ ”

မနှစ်က အမေရိကန်က လက်ခံခဲ့တဲ့ မြန်မာဒုက္ခသည် (၃၃၀၀)ကျော်သာ ရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒ တင်းကြပ်လာတာကြောင့် အမေရိကန်မှာ အခြေချဖို့ ကြားနိုင်ငံတခုမှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား ဒုက္ခသည်တွေကို အခက်ကြုံစေတယ်လို့ ဒေါက်တာ ရိုဒင်းငါက ပြောပါတယ်။

“ လောလောဆယ်မှာတော့ ကျနော်တို့ UNHCR အသိအမှတ်ပြုတဲ့ ချင်းအမျိုးသား ၁ သောင်း ၈ ထောင်လောက် ကမ္ဘာတဝန်းမှာ ရှိတယ်။ အများစုကတော့ မလေးရှားမှာပေါ့။ ၁ သောင်း ၅ ထောင်လောက်ပေါ့နော်။ နောက် အိန္ဒိယနဲ့ ထိုင်း မြန်မာနယ်စပ်တို့၊ နီပေါတို့မှာ တချို့ ၃ ထောင် ၄ ထောင်လောက် ရှိမယ်။ Refugee အသိအမှတ်ပြုပြီးသား ၁ သောင်း ၈ ထောင်လောက် ဖြစ်သလိုဘဲ သူတို့ ရောက်ရှိနေတဲ့ မလေးရှား၊ ဒါမှမဟုတ် နယူးဒေလီမှာ UNHCR ရဲ့ အထောက်အပံ့ပေါ့နော် ရယူပြီးတော့ ဖြစ်သလိုဘဲ ဘ၀ သူတို့ ရုန်းကန်နေရမယ့်ဟာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူူးပြောင်းရေး လုပ်နေတာကြောင့် ဒုက္ခသည်တွေ သူတို့နေရပ်ရင်းမှာ ပြန်လည်အခြေချနိုင်ဖို့ မြန်မာအစိုးရ နဲ့ ဆွေးနွေးမှုတွေ လုပ်ပေမယ့် အောင်မြင်မှု မရဘူးလို့ ဒေါက်တာရိုဒင်းက ပြောပါတယ်။

“ ၃ ခါတိတိ ကျနော် ဗမာပြည်ကို ပြန်သွားပြီးတော့ ဒီကိစ္စကို ချင်းပြည်နယ် အစိုးရနဲ့ သော်လည်းကောင်း၊ ဒီ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်တို့နဲ့ ဒါ ဆွေးနွေးခဲ့တယ်။ အခု NLD အစိုးရက နိုင်ငံတကာရောက်နေတဲ့ ဒုက္ခသည်တွေကို သူတို့ မိမိဆန္ဒအလျောက် ပြန်လာတဲ့ အခါမှာ ကြိုဆိုနေရာချထားဖို့ အစီအစဉ် တခုမှ တိတိကျကျ ချမထားသေးဘူးလို့ ကျနော် တွေ့ရှိထားပါတယ်။ ”

ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်အရေးကို အထူးအလေးထား လုပ်ဆောင်ပေးဖို့ သူတို့အနေနဲ့ အမေရိကန် လွှတ်တော် တာဝန်ရှိသူတွေကို ချည်းကပ် တိုက်တွန်းကြောင်း ဒေါက်တာရိုဒင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ၂၀၁၈ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ မတ်လ ၃၁ ရက်အတွင်း အမေရိကန်နိုင်ငံထဲ ဒုက္ခသည် လာရောက်မှုကို ကြည့်ရင် နိုင်ငံ ၃ နိုင်ငံကို ဦးစားပေးထားတာ တွေ့ရပြီး လာရောက်သူ စုစုပေါင်း ၁၂,၁၅၁ ထဲမှာ အများဆုံးက ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ပြီး ၄၈ ရာခိုင်နှုန်း ရှိပါတယ်၊ဒုတိယအများဆုံးကတော့ မြန်မာနိုင်ငံကဖြစ်ပြီး ၁၇ ရာခိုင်နှုန်းနဲ့ ယူကရိန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ရောက်လာသူတွေထဲက ၆၈ ရာခိုင်နှုန်း ဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ လက်ရှိ အမေရိကန်ကို ဒုက္ခသည် လာရောက်နှုန်းဟာ တလကို ၂၀၂၅ ယောက်ရှိပါတယ်။ အခုလို ဒုက္ခသည်ဝင်လာတဲ့ အရေအတွက်နဲ့ နိုင်ငံရေး ခိုလှုံခွင့်ပေးမှု လျော့ကျလာတာကြောင့် အိုဟိုင်းယိုးပြည်နယ် Akron မြို့က World Relief ဆိုတဲ့ ဒုက္ခသည်အကူအညီပေးရေး အေဂျင်စီဟာ အလုပ်အကိုင် နည်းပါးလာပြီး ပိတ်ပစ်လိုက်ရပါတယ်။

Your browser doesn’t support HTML5

Trump လူဝင်မှုကြီးကြပ်ရေး တင်းကြပ်မှု မြန်မာဒုက္ခသည် အခြေချမှု အခက်အခဲကြုံ