Venezuela အရေးမှာ နိုင်ငံကြီးတွေ အားစမ်း 

ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်အတွင်းမှာ သမ္မတ Donald Trump အစိုးရ က Venezuela နိုင်ငံမှာ သမ္မတ မာဒူရို အစိုးရ ပြုတ်ကျတော့မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားစစ်တပ်တွေကို ဒီ တောင်အမေရိကတိုက် နိုင်ငံထဲ ပို တိုးချလိုက် အပြီးမှာတော့ ဒီ Venezuela ပြဿနာက ဆက်ရှည်နိုင်ပြီး၊ အမေရိကန်နဲ့ ရုရှားအကြား၊ တဆင့်ခံလူငှားတိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။ နောက်ဆုံးမှာ သမ္မတ Trump အနေနဲ့ သံတမန်ရေးနဲ့ စီးပွားရေး ပိတ်ဆို့တဲ့အဆင့်ထက် ကျော်လုပ်ရတဲ့အနေအထား ရောက်သွားမှာကို သုံးသပ်သူတွေက စိုးရိမ်နေတာကို VOA သတင်းထောက် Patsy Widakuswara သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။

ရုရှားနိုင်ငံ Rostvertol ကုမ္ပဏီကနေ ထုတ်ထားတဲ့ ရဟတ်ယာဉ်တွေကို Venezuela နိုင်ငံကို ပို့ပေးနေပါတယ်။ ဒီ ရုရှားကုမ္ပဏီကနေ Sergei Ostapenko ကို က

“ ဗင်နီဇွဲလားပြည်သူတွေက နောက်ထပ် ရဟတ်ယာဉ်တွေ ထပ်တောင်းဆို လာရင် ဒီရဟတ်ယာဉ်တွေကို ပေးလိုက်မှာပါ။”

ရုရှားသတင်း အေဂျင်စီတွေအဆိုအရ ရှရှားက ကြီးမှုးပြီးလုပ်ပေးတဲ့ ရဟတ်ယာဉ်မောင်းဌာနကို Venezuela မှာ ဖွင့်ထားပြီလို့ ထုတ်ဖော်လိုက်ပါတယ်။ ဒါ့အပြင် ရှရှားကိုရောင်းထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဝန်ဆောင်မှုပေးဖို့ ရှရှားတပ်သား ၁၀၀ ခန့် စေလွှတ်ထားပါတယ်။ အမေရိကန် Enterprise အဖွဲ့ကြီးမှ သုံးသပ်သူ Roger Noriega က

“ဒါက အင်အားကြီး နိုင်ငံတွေ ထိပ်တိုက်အားပြိုင်ကြတာပါ။ ကြည့်လေ ရုရှားက ဒီနိုင်ငံထဲကို ဝင်သွားပြီ၊ ဒါကို အံတုတဲ့အနေနဲ့ အမေရိကန်က သတိပေးနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက မာဒူရို သူ့အလိုလို ဇတ်သိမ်းသွားမယ်လို့ သဘောထားတဲ့ တရုတ် ကလည်း စဝင်လာနေပြီလေ။”

ပြီးခဲ့တဲ့ အပတ်က တရုတ်နိုင်ငံကလည်း လေယာဉ်ကြီးတစီးနဲ့ ၆၅ တန်ရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မာဒူရို အစိုးရအတွက် ပို့ပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ Trump ကတော့

“ကျွန်တော်တို့ ဗင်နီဇွဲလားကို စောင့်ကြည့်နေပါတယ်။ အခုလောလောဆယ် ဗင်နီဇွဲလားမှာက တကယ့်ကိုကြီးမားတဲ့ပြဿနာကြီး ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီအကြောင်း အများကြီးကို လူတွေအများကြီးနဲ့ ပြောရတော့မှာပါ၊ ဒီထဲမှာ သမ္မတ ပူတင် ပါကောင်းပါမယ်၊ တရုတ်သမ္မတ ရှီ လဲ ပါနိုင်တယ်။”

ဒါ့အပြင် သမ္မတ Trump က ရှရှားအနေနဲ့ Venezuela ကနေ ထွက်သွားဖို့ တောင်းဆိုထားပြီး တုံ့ပြန်နိုင်တာအားလုံးကို စဉ်းစားနေတယ်လို့ သတိပေးလိုက်ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားကတော့ အခု Venezuela ခေါင်းဆောင် မာဒူရိုကို ကူညီနေတာက Venezuela နဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် အမေရိကန်အရာရှိတွေကလည်း ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ Venezuela နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Elliott Abrams က

“ရုရှားအနေနဲ့ သူတို့ဒီမှာ လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။”

တကယ်တော့ ရုရှားနဲ့ တရုတ်အနေနဲ့ Venezuela ကို ဒေါ်လာဘီလံပေါင်း များစွာချေးထားတာကို ပြန်မရမှာ စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ရုရှားအတွက်တော့ ငွေကြေးတွက်တာ သပ်သပ်မဟုတ်ပဲ ပထဝီ နိုင်ငံရေးသာ တွက်ပြီး သြဇာထူထောင်လာတာပါ။ ၂၀၁၅ တုန်းကလည်း ရုရှား အနေနဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ဝင်စွက်ခဲ့ပြီး သမ္မတ Bashar al-Assad အစိုးရ ပြန်လည်ထူထောင်လာနိုင်အောင် အကူအညီပေးခဲ့တာမို့ အလားတူ Venezuela မှာဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

အမေရိကန် Enterprise အဖွဲ့က Roger Noriega က

“ရုရှားက ကျွန်တော်တို့ကို သွေးတိုးစမ်းနေပါတယ်။ ကျွန်တော်တို့ဖက်က စစ်ရေးသုံးဖို့လိုမျိုး ခိုင်မာတဲ့ခြိမ်းခြောက်မှု မပါတဲ့ မူဝါဒနဲ့ သွားတဲ့အခါကြတော့ ရုရှားဖက်က လာလေဖီးမနေနဲ့လို့ ပြန်စိန်ခေါ်လာတဲ့သဘောပေါ့နော်။”

တချို့ကျွမ်းကျင်သူတွေကတော့ အင်အားကြီးနိုင်ငံရဲ့ တဆင့်ခံလူဌားတိုက်ပွဲ မဖြစ်ရအောင် ယာယီသမ္မတ ကြေညာထားတဲ့ Juan Guaidó အနေနဲ့ ရုရှားနဲ့ တရုတ်တို့ကို မာဒူရိုကို ကူညီတာရပ်ရင် သူတို့ရင်းနှီးမြုပ်နှံမှုတွေ လုံး၀ မဆုံးရှုံးစေရဘူးလို့ စွဲဆောင်သင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် Brookings မူဝါဒ အဖွဲ့က Geoffrey Gertz ကတော့

“ရုရှားရော တရုတ်ပါ ဗင်နီဇွဲလားနဲ့ ဆက်ဆံရာမှာ သတိကြီးကြီးထား ချည်းကပ်မှာပါ။ ဒီ ပြဿနာရဲ့ ဘက်နှစ်ဘက်လုံးနဲ့ သူတို့ ဆက်ဆံရေးကောင်းအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း လုပ်ဆောင်သွားချင်မှာပါ။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ ဘယ်သူဘဲ အာဏာရလာ ရလာ သူတို့ကြွေးမှီတွေ ပြန်ဆပ်ပေးလာအောင်လေ။”

အခုလောလောဆယ်မှာတော့ ဗင်နီဇွဲလား ပဋိပက္ခကြီးမားလာတာနဲ့ အမျှ ဗင်နီဇွဲလား ပြည်သူတွေအနေနဲ့ အစားအစာ ၊ သောက်သုံးရေတွေနဲ့ လျှပ်စစ်မီးပျက်တာတွေကို ပိုမို ခံစားလာနေရပါတယ်။

Your browser doesn’t support HTML5

Venezuela အရေးမှာ နိုင်ငံကြီးတွေ အားစမ်း