Your browser doesn’t support HTML5
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
ရခိုင်ပြည်သူတရပ်လုံး အဖိနှိပ်ခံဘဝ လွတ်မြောက်ရေး၊ ဆုံးရှုံးသွားတဲ့ အချုပ်အချာအာဏာ ပြန်လည်ရရှိရေးနဲ့ နိုင်ငံတည်ထောင်ရေးအတွက် ရခိုင့်တပ်တော်ကို ဖွဲ့စည်းရတယ်လို့ လွန်ခဲ့တဲ့နှစ် ဧပြီလ (၁၀) ရက်နေ့က (၁၁) ကြိမ်မြောက် ရခိုင့်တပ်တော်နေ့မှာ တပ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။ ၁၈ ရာစုနှောင်းပိုင်း (၁၇၈၅) မှာ ဗမာမင်းကို စစ်ရှုံးလို့ နှစ်ပေါင်းနှစ်ရာကျော် (၂၃၇ နှစ်) ရခိုင်နိုင်ငံ ကွယ်ပျောက်သွားရပါတယ်။ မြန်မာပြည် လွတ်လပ်တော့ အနှစ် (၇၀) ကျော် ဗဟိုအစိုးရ လက်အောက်မှာ နေခဲ့ပေမယ့် တိုးတက်မှု ဆိတ်သုဉ်းပြီး အဆင်းရဲဆုံးဒေသ ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဆိုပါတယ်။
ဒီလိုဘဝမျိုးကနေ လွတ်မြောက်အောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရတာလို့ ဆိုပါတယ်။ လက်နက်ပစ္စည်းမှာ စစ်ကောင်စီတပ်ကသာပေမယ့်၊ ရခိုင်တပ်တော်ဘက်က စိတ်ဓါတ်သာလွန်မှု၊ ယုံကြည်မှု၊ သတ္တိကောင်းမွန်မှုနဲ့ ကြိုးစားအားထုတ်မှုမှာ အားကောင်းတယ်လို့ ၂၀၁၉ ဧပြီလက ဧရာဝတီစာစောင်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ရခိုင်စစ်သည်အင်အားကို အုပ်ချုပ်ကွပ်ကဲတဲ့ စစ်စခန်းတွေ အများကြီးရှိတဲ့အတွက် စစ်ဆင်ရေးကို စနစ်တကျ အကောင်အထည်ဖော်နိုင်တာလို့လည်း ဆိုပါတယ်။ အခက်အခဲကြားက စစ်အခြေခံတွေကို လျှို့ဝှက်တည်ဆောက်နိုင်ပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ် အကူအညီနဲ့ AA ရခိုင်တပ်ကို ၂၀၀၉ ဧပြီလမှာ တည်ထောင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲအတွေ့အကြုံတွေ ရယူခဲ့ပြီး ၂၀၁၄ ရောက်မှ ရခိုင်ပြည်နယ်ကို ဆင်းလာနိုင်တယ်လို့ သိရပါတယ်။ (၂) နှစ်လောက် အပြင်းအထန် တိုက်ပွဲတွေ ဆင်နွှဲပြီးတဲ့နောက် ၂၀၂၀ နိုဝင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ နားလည်မှုယူပြီး အပစ်အခတ် ရပ်စဲထားပါတယ်။ ရခိုင်စစ်ဆင်ရေး အစပိုင်းမှာ အင်အား (၁၀၀၀) ကျော်သာရှိတဲ့ AA တပ်ဟာ အခုဆိုရင် အင်အား (၁) သောင်းကျော်အထိ တိုးပွားနေကြောင်း သိရပါတယ်။ အခုတော့ AA ရခိုင်တပ်ရဲ့ သြဇာအာဏာ သက်ရောက်မှု ကျယ်ပြန့်လာတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ နိုင်ငံရေးပါတီတွေ စိတ်ကုန်လာတဲ့ ရခိုင်လူထုဟာ AA ရခိုင်တပ်တော်ကို ယုံကြည်လာပုံ ရပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကလည်း စစ်အင်အား ထပ်ဖြည့်နေပါတယ်။
ရာဇဝတ်မှု၊ မတရားလုပ်မှု၊ အကြမ်းဖက်မှု၊ မြေယာအမှုအပါအဝင် တိုင်းကြားတဲ့အမှု (၁၄၀၀) မှာ (၅၅၀) ကျော်ကို ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ဖြေရှင်းပေးနိုင်ကြောင်း သြဂုတ်လ (၂၄) ရက်နေ့ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။ ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ AA တပ်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို ရခိုင်လူဦးရေ (၇၅) ရာခိုင်နှုန်းက လိုက်နာတယ်လို့ ဒုစစ်ဦးစီးချုပ်ညိုထွန်းအောင် ပြောတာကိုလည်း Frontier က သတင်းပေးပို့ပါတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မရောက်ရှိနိုင်တဲ့ ဒေသတွေမှာ တရားမျှတရေးအတွက် AA တပ်တော်က ဆောင်ရွက်နေတာကို အရပ်ဘက်ခေါင်းဆောင်ပိုင်းက ကြိုဆိုကြပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ အခြေခံလိုအပ်ချက်တခု ဖြစ်ပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ AA တပ်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ စစ်ကောင်စီရဲ့ဌာနတွေထက်ပိုပြီး အလုပ်ဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ဟောင်း ဦးဖေသန်း ပြောတာကိုလည်း ဖော်ပြကြပါတယ်။ AA တပ်တော်ရဲ့ သြဇာလွှမ်းမိုးမှုကို ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် သုံးသပ်တာကိုလည်း သြဂုတ်လ (၁၁) ရက်နေ့ထုတ် Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်ဖွဲ့တွေဟာ ယှဉ်တွဲတည်ရှိနေတယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်ခရီးသွားတဲ့အခါ AA တပ်ကို အရင်ဆုံး အကြောင်းကြားရတယ်ဆိုတာဟာ ‘ဝ’ပြည်နယ်မှာ ကျင့်သုံးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
AA ရဲ့ လူမှုရေးနဲ့ တရားရေးရာ ဆောင်ရွက်ချက်တွေကို ဘူးသီးတောင်မြို့နယ် မွတ်စလင်ကျေးရွာ အများအပြားက ယုံကြည်အားကိုးလာတယ်လို့လည်း Myanmar Now စာစောင်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်မှာ လူဦးရေ ဒုတိယအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေတယ်လို့လည်း သြဂုတ်လ (၁၅) ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ရခိုင့်ပြဿနာကို ရခိုင်က ဖြေရှင်းမယ့် အစီအစဉ်ကို ရခိုင်နိုင်ငံရေးပါတီတွေကလည်း ထောက်ခံကြိုဆိုပုံ ရပါတယ်။ ဒါပေမဲ့ AA တပ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို စစ်ကောင်စီတပ်က ဘယ်အတိုင်းအတာအထိ လက်ခံမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတည်ထောင်တဲ့နေရာမှာ ‘အစ္စရေး’ ဟာ စံနမှုနာတင်ဖို့ ကောင်းပါတယ်။ နှစ်ရာစုမှာ ရောမအင်ပါရာအောက် ကျရောက်သွားခဲ့တဲ့ အစ္စရေးနယ်မြေဟာ အနှစ်ငါးရာကြာတဲ့အခါ ခုနှစ်ရာစုမှာ အာရပ်မွတ်စလင် အင်ပါရာလက်အောက် ရောက်သွားခဲ့ပါတယ်။ နောက်ထပ်အနှစ် (၁၀၀၀) ကျော်ကြာတော့ ၁၉၁၈ မှာ ဗြိတိသျှလက်အောက် ရောက်သွားခဲ့ပြီး ၁၉၄၈ ရောက်မှာ အစ္စရေးနိုင်ငံကို တည်ထောင်နိုင်ပါတယ်။ နိုင်ငံတည်ထောင်ဖို့ (၂၂) နိုင်ငံက ဂျူးကိုယ်စားလှယ် (၂၀၄) ဦးက ဆုံးဖြတ်ပြီး (၅၁) နှစ်အကြာမှာ နှစ်ပေါင်း (၂၀၀၀) နီးပါး ပျောက်ဆုံးသွားခဲ့တဲ့ အစ္စရေးနိုင်ငံကို ရန်သူပတ်လည်ဝိုင်းနေတဲ့ကြားက ပြန်လည်တည်ထောင်နိုင်တာ ဖြစ်ပါတယ်။
==Unicode==