အမိန့်ဖီဆန်သူ အောင်လံထူ

အမိန့််အာဏာဖီဆန်ရေး လှုပ်ရှားမှု -- Civil Disobedience Movement (CDM)

Your browser doesn’t support HTML5

အမိန့်ဖီဆန်သူ အောင်လံထူ

ဦးအောင်ခင် မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ အရပ်သားဝန်ထမ်းတွေ စလိုက်တဲ့ အမိန့််အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ (၄) လ သက်တမ်း ရှိလာပါပြီ။ ဒီလှုပ်ရှားမှုကြောင့် ပြုပြင်ရေး ဖြစ်လာမလား။ စစ်ကောင်စီတပ် ပြောင်းလဲသွားမလား။ ဒါမှမဟုတ်လဲ လှုပ်ရှားမှုတခုလုံး အရှိန်သေသွားမလား စသဖြင့် အမျိုးမျိုးဝေဖန်သုံးသပ်နေကြပါတယ်။ ရေရှည်တိုက်ပွဲဆင်နွဲနိုင်အောင် ပြည်ပရောက် မြန်မာတွေက ရန်ပုံငွေ ရှာနေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းသူတွေလည်း ရှိလာပါတယ်။ အမိန့်ဖီဆန်ရေး နှလုံးရည်တိုက်ပွဲအကြောင်း ရေးထားတဲ့ စာအုပ်စာပေတွေလည်း ထပ်မံထွက်ပေါ်လာပါတယ်။

အမေရိကန်အမျိုးသမီးပညာရှင် Erica Chenoweth နဲ့ Maria Stephen က ၂၀ ရာစု လွတ်မြောက်ရေး တိုက်ပွဲသုံးရာကျော်ကို လေ့လာတဲ့အခါမှာ အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲက ပိုပြီးထိရောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက် (၄) ချက် ရှိပါတယ်တဲ့။ ပထမအချက်က ပါဝင်သူတွေ များပြားနေဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်က ဖိနှိပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဌာနတွေ ကိုယ်ဘက်ပါလာဖို့ ဖြစ်ပါတယ်။ တတိယက ဆန္ဒပြရုံတင်မကဘဲ နည်းလမ်းမျိုးစုံသုံးဖို့ ဖြစ်ပါတယ်။ စတုတ္ထကတော့ ဖိနှိပ်ခံရတဲ့အခါ လှုပ်ရှားမှု ကစဉ့်ကရဲ မဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။

နှလုံးရည်တိုက်ပွဲ ကစဉ့်ကလျား ဖြစ်သွားလို့ လက်နက်ကိုင်တိုက်ပွဲအဖြစ် အသွင်ပြောင်းမယ်ဆိုရင် စစ်အာဏာရှင်အကြိုက် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အာဏာရှင်လက်အောက်က တပ်ဖွဲ့တွေ ကိုယ့်ဘက်ပါလာအောင် စည်းရုံးတာဟာ အကြမ်းမဖက်တဲ့ CDM နှလုံးရည်တိုက်ပွဲရဲ့ အဓိကသော့ချက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ မိတ္ထီလာ အခြေစိုက်တပ်မ (၉၉) က CDM လှုပ်ရှားမှုထဲ ပါဝင်လာသူ ဗိုလ်မှူးဟိန်းသော်ဦးကတော့ စစ်အာဏာသိမ်းတာကို မတရားမှန်းသိသူတွေ တပ်ထဲမှာ အများကြီးရှိပေမယ့် ရုန်းထွက်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။ တပ်ပျက်နေတာ ကြာပြီဖြစ်ပေမယ့် အကြောက်တရား လွှမ်းမိုးနေတာကို မကျော်လွှာနိုင်သေးဘူးလို့ ဆိုပါတယ်။ တပ်တွန်းပုန်ကန်မှု ဖြစ်ပေါ်ရေးဟာ အမျိုးသားညီညွှတ်ရေးအစိုးရပေါ် တည်တယ်လို့ ဗိုလ်မှူးဟိန်းသော်ဦးက ဆိုပါတယ်။ စစ်တပ်ကထွက်ခွါပြီး အာဏာဖီဆန်ရေးမှာ ပါဝင်လာတဲ့ စစ်ဗိုလ်စစ်သားဦးရေ တဖြည်းဖြည်းတိုးပွားနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အရာရှိငယ်တစုရဲ့ ၁၉၈၀ ပြည့်နှစ် စစ်တပ်ပြုပြင်ရေးလှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး နိဒါန်း ဖြစ်ပါတယ်။ အကျင့်ပျက်နေတဲ့ စစ်တပ်ကို ပြုပြင်ဖို့ ကာကွယ်ရေးဝန်ကြီး Enrile ကလည်း စိတ်ဝင်စားပါတယ်။ ဒါကြောင့် ၁၉၈၆ ပြည်သူ့တော်လှန်ရေးမှာ ကာကွယ်ရေးဝန်ကြီး Enrile နဲ့ ဒုဗိုလ်ချုပ်ကြီး Ramos ပြည်သူ့ဘက်က ရပ်တည်လာတာဟာ အခြေအနေကို ပြောင်းလဲစေပါတယ်။ လွတ်လပ်ချင်တဲ့ ပြည်သူလူထု၊ အရပ်သားအဖွဲ့၊ ဘုရားကျောင်းနဲ့ စစ်တပ်ပြုပြင်ရေး လှုပ်ရှားမှု စတာတွေ ပူးတွဲလုပ်ကိုင်နိုင်တဲ့အတွက် အာဏာရှင် မားကိုစ် ပြုတ်ကျသွားရပါတယ်။ စစ်တပ်ပြုပြင်ရေးအုပ်စုဟာ ဖိလစ်ပိုင်နိုင်ငံက ပြည်သူ့အာဏာလှုပ်ရှားမှုမှာ တတပ်တအား ပါဝင်ခဲ့ပါတယ်။

မတရားလုပ်ပြီး ဖိနှိပ်ညှဉ်းပန်းတာကို နည်း (၃) နည်းနဲ့ တုံ့ပြန်နိုင်တယ်လို့ ဂန္ဓီကြီးက ဆိုပါတယ်။ ပထမနည်းက မတရားလုပ်တာကို ငြိမ်ခံပြီး ရှောင်ပြေးတာဖြစ်လို့ သူရဲဘောကြောင်တဲ့နည်းလို့ ဂန္ဓီကြီးက ဆိုပါတယ်။ ဒုတိယနည်းကတော့ လက်နက်ကိုင်ပြီး ခံတိုက်တဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ငြိမ်ခံပြီး ရှောင်ပြေးတာထက် ပိုကောင်းတယ်လို့ ဂန္ဓီကြီးကပြောတယ်။ တတိယနည်းကတော့ အကြမ်းမဖက်ဘဲ အနုနည်းနဲ့ ရင်ဆိုင်တိုက်တာဖြစ်လို့ သတ္တိအပြောင်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ ကြောက်စိတ်ရှိပေမယ့် ဒီကြောက်စိတ်ကို နည်းနိုင်သမျှ ထိန်းသိမ်းဖို့ကြိုးစားရင်း မေတ္တာတရား လက်ကိုင်ထားပြီး တိုက်ပွဲဝင်တာမို့ နှလုံးရည်တိုက်ပွဲမှာ ပြတဲ့သတ္တိကို ဘယ်သတ္တိမျိုးမှ လိုက်မမီဘူးလို့ ဂန္ဓီကြီးက ပြောဖူးပါတယ်။ နှလုံးရည်တိုက်ပွဲဝင်သူဟာ ယုံကြည်ချက်အတွက် အသက်စွန့်နိုင်ရမယ်လို့ ဂန္ဓီကြီးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ (၁၄) နှစ် ကျင့်သုံးတဲ့ စစ်အုပ်ချုပ်ရေးဟာ ၁၉၈၆ ပြည်သူ့တော်လှန်ရေး အောင်ပွဲခံမှ နိဂုံးချုပ်သွားပါတယ်။ စစ်အုပ်ချုပ်ရေးကာလမှာ ပြည်သူ (၃၀၀၀) ကျော် အသတ်ခံရပြီး၊ (၇၀,၀၀၀) ထိန်းသိမ်းခံရပါတယ်။ နှိပ်စက်ညှဉ်းပမ်းခံရသူ (၃၅,၀၀၀) ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ မြန်မာပြည်မှာတော့ နှလုံးရည်တိုက်ပွဲရော၊ လက်နက်ကိုင်တိုက်ပွဲရော ဆင်နွှဲနေပုံရပါတယ်။ စစ်ကောင်စီရဲ့ စစ်အင်အားကို ကျားကန်ထားတဲ့ စီးပွားရေးအင်အားကို တိုက်ခိုက်တာဟာ နှလုံးရည်တိုက်ပွဲပါ။ စီးပွားရေးစစ်မျက်နှာနဲ့ လက်နက်ကိုင် တိုက်ပွဲကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရေရှည်ကြီးစိုးနိုင်ဖို့ ခက်ခဲပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ရက်ရက်စက်စက် နှိပ်ကွပ်ခံရတဲ့အတွက် ၂၀၁၂ မှာ ရွေးကောက်ပွဲအစိုးရ ဖွဲ့စည်းတဲ့အခါမှာ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးလုပ်တာလို့ ပါမောက္ခ Chenoweth က သုံးသပ်ပါတယ်။ လက်ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ဘာသာအယူဝါဒပေါင်းစုံ စုပေါင်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ကြိုးပမ်းနေတာဖြစ်လို့ အောင်မြင်ဖို့ အလားအလာ အလွန်ကောင်းတယ်လို့ သုံးသပ်နေကြပါတယ်။

==Unicode==






