ကိုဗစ်ရွေးကောက်ပွဲ

Supporters of the National League for Democracy (NLD) party on a motorcade pass supporters of the opposition Union Solidarity and Development Party (USDP), seen at left, during a campaign in Wundwin, near Mandalay on September 19, 2020. (Photo by Kyaw The

Your browser doesn’t support HTML5

ကိုဗစ်ရွေးကောက်ပွဲ

Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားနေချိန်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆင်းရတာမို့ လူမှုကွန်ရက်အသုံးပြုမှု များပြားလာတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ မေးမြန်းခန်းတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေကို အွန်းလိုင်မှာ ကျင်းပကြပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိးဆောင်ပါတီ၊ NLD ဟောင်း ဒေါ်သက်သက်ခိုင် တည်ထောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ Facebook လူမှုကွန်ရက်မှာ အကြီးအကျယ် ငွေကုန်ခံပြီး စည်းရုံးနေပုံကို သြဂုတ်လ (၁၈) ရက်ထုတ် ဧရာဝတီအင်္ဂလိပ်စာစောင်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ (၈) လအတွင်း ပြည်ခိုင်ဖြိုးပါတီဟာ Facebook ဟာ ကျပ်ငါးသန်းလောက် အကုန်ခံတယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးဆောင်ပါတီဟာ Facebook အတွက် ကျပ် (၇) သိန်း အကုန်ခံထားပြီး၊ ဦးရွှေမန်းရဲ့ပါတီက ကျပ် (၁) သန်းလောက် အကုန်ခံထားပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကို ကျပ်သန်း (၁၅၀) လှူဖူးတဲ့ ကျောက်မျက်လုပ်ငန်းရှင် ဖြစ်ပါတယ်။ အခုတော့ ဒေါ်သက်သက်ခိုင်ဟာ NLD ဗဟိုကော်မတီဝင် ဒေါ်မေဝင်းမြင့်နဲ့ မရမ်းကုန်မြို့နယ်မှာ ယှဉ်ပြိုင်အရွေးခံပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ် (၁၉) ကာလမှာ ပြည်သူလူထုနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်ဖို့အတွက် ဧပြီလဆန်းကစပြီး Facebook ကို အသုံးပြုလာပါတယ်။ လူတွေစုပြုံ မနေဖို့ လိုအပ်တဲ့အချိန်မှာ ပြည်သူ့ကျန်းမာရေးကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်စု ဆွေးနွေးသွားတာတွေဟာ NLD အစိုးရကို အများကြီး သိက္ခာတက်စေပါတယ်။ ဒေါ်စုရဲ့ ခေါင်းဆောင်မှုနဲ့ အရပ်သားအစိုးရရဲ့ ထိရောက်မှုတွေကို ပြည်သူလူထုဟာ Facebook မှာ အထင်အရှား တွေ့နေရပါတယ်။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲအတွက် သီးသန့်တရားဟောစရာတောင် မလိုတော့ပါဘူး။ ဒေါ်စုရဲ့ Facebook ဆွေးနွေးခန်းတွေကို ပရိသတ်က သိန်းသန်းချီပြီး ထောက်ခံနေကြပါတယ်။ ဆွေးနွေးခန်းတွေမှာ မေတ္တာ၊ စေတနာကို ပြနိုင်တာဟာ စစ်ဗိုလ်ကြီးငယ်တွေ မလုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အုပ်စုဟာ အလျော့ပေးဖို့ စိတ်ကူးပုံ မရသေးပါဘူး။ တရားမဝင်တော့တဲ့ မဘသအဖွဲ့ဟာ နည်းမျိုးစုံသုံးပြီး လှုပ်ရှားနေတုန်းပါ။ ရုရှားနဲ့ဆက်ထားတဲ့ Facebook Accounts (၆) ခုကနေ သတင်းမှန်ထုတ်ပြန်သလိုလိုနဲ့ NLD ကို ပြစ်တင်ရှုတ်ချပြီး တပ်မတော်ကို အမွှန်းတင်ထားတယ်လို့ Hunter Marston ဆိုသူက မတ်လ (၄) ရက်ထုတ်၊ The Interpreter စာစောင်မှာ ရေးထားပါတယ်။ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး အမျိုးသားရေးကို နိုးဆွလာတာကြောင့် အာဏာရ NLD ဟာ အစိုးရကို ဝေဖန်သူတွေကို နှိမ်နင်းလာပါတယ်။ အမျိုးသားရေးလှုပ်ဆော်မှုနဲ့ ICJ မှာ စစ်တပ်ဖက်က ဒေါ်စုရှေ့နေလိုက်မှုကြောင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေတောင် စစ်တပ်ကို ထောက်ခံလာတယ်လို့ ဆိုပါတယ်။

ရှစ်လေးလုံးမျိုးဆက် တည်ထောင်တဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေဟာ အလွန်နည်းနေတာတွေ့ရပါတယ်။ ပြည်သူလူထုနဲ့ နီးစပ်တဲ့ပါတီလို့ သုံးသပ်ကြပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၃) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀) ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အမတ်လောင်း (၉၉) ဦး၊ စုစုပေါင်း (၁၅၂) ဦးသာ ဝင်ရောက်ယှဉ်ပြိုင့်သဘော ဖြစ်ပါတယ်။ ၁၉၈၈ မှာ လူငယ်တွေ တည်ထောင်တဲ့ လူ့ဘောင်သစ်ပါတီကတော့ ကိုယ်စားလှယ်လောင်း (၁၆) ဦးသာ ရွေးကောက်ပွဲ ဝင်နိုင်ပါတယ်။ စစ်အစိုးရ ဖိနှိပ်မှုကြောင့် ပြည်ပရောက်သွားတဲ့ လူ့ဘောင်သစ်ပါတီဟာ (၂၀၁၃) ရောက်မှ ပြည်တွင်းမှာ ပြန်လည်အခြေစိုက်နိုင်ပါတယ်။ ပြည်တွင်းမှာ (၁၀) နှစ်သာ နေထိုင်သူသာ ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ပြည်ပမှ ပြည်လာသူတွေ ရွေးကောက်ပွဲ မဝင်နိုင်တာမျိုးလည်းရှိကြောင်း သိရပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်မှု တိုးပွားလာချိန်မှာ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းရတာမို့ လူစုလူဝေးလှုပ်ရှားမှုမှာ ကန့်သတ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် တပြည်လုံးမှာ ရုံးခွဲတွေ ဖွင့်ထားနိုင်တဲ့ ပါတီကြီးတွေဟာ တအိမ်တက်ဆင်း မဲဆွယ်ရာမှာ တပန်းသာနေပါတယ်။ မဲဆွယ်ချိန်နဲ့ မဲပေးချိန်မှာ ကိုဗစ်ကာလအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ NLD ပါတီဟာ အများစုမဲ ရရှိလိမ့်မယ်လို့ မျှော်လင့်နေပေမယ့် ပြည်နယ်တွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့် အလားအလာ ရှိပါတယ်။

အာဏာရပါတီ NLD ဟာ လွှတ်တော်အမတ်နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမို့ ကိုယ်စားလှယ်လောင်းဦးရေ (၁၁၄၃) ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို NLD ကပဲ ကိုယ်စားလှယ်နေရာအများဆုံး ရရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာရေးမှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာက ရွေးကောက်ပွဲလေ့လာရေးအဖွဲ့တွေ မလာနိုင်တာဟာ ကိုဗစ်ရွေးကောက်ပွဲရဲ့ အားနည်းချက်တခု ဖြစ်ဖွယ်ရာရှိကြောင်း တင်ပြလိုက်ရပါတယ်။


==Unicode==






