Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ကြုံတွေ့နေရတဲ့ အကျပ်အတည်း ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားနိုင်မလဲ။ ဘယ်လမ်းကြောင်းကို ဦးတည်သွားနိုင်သလဲ။ ဒီအကျပ်အတည်းကို ကျော်လွှာနိုင်မယ့် ထွက်ပေါက်ကော တစုံတရာ တွေ့လာနိုင်သလားဆိုတာကို အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်မှာ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ခေတ်သစ်မြန်မာ့သမိုင်းမှာ အာဏာသိမ်းတာ (၃) ကြိမ် တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်၊ ရှစ်ဆယ့်ရှစ် အာဏာသိမ်းချိန်တို့မှာ ပြည်သူ့ဘက်က ရုတ်တရက် ပွဲပြတ်နိုင်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဖီလစ်ပိုင်မှာ မားကိုစ်ကို ဖြုတ်ချတုန်းက People’s Power တော်လှန်ရေး ရုတ်တရက် နိုင်သွားသလို၊ ပွဲပြတ်နိုင်သွားတာကို မြန်မာ့သမိုင်းမှာတော့ မကြုံတွေ့ခဲ့ရသေးဘူး။ ဆိုတော့ အခုပွဲမှာကော အဲဒီလိုပွဲပြတ်ပြီးတော့ ပြည်သူ့ဘက်က - ပြည်သူဆိုတာ အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ ဒီမိုကရေစီအင်အားစုဘက်က နိုင်လာမယ့်အလားအလာ ရှိပါသလား ဆရာ။
ဖြေ ။ ။ ရုန်းကန်လှုပ်ရှားမှုတိုင်းမှာ အဖြေအပြတ် ပြောလို့မရဘူးပေါ့ ဆရာ။ ဆုံးရှုံးမှုနဲ့ ပေးလိုက်ရတာနဲ့ ပြောလို့ရှိရင် အခုအာဏာသိမ်းမှု ကြိုးစားတယ်၊ အာဏာသိမ်းတယ်ဆိုကတည်းက တပ်မတော်က ဆုံးရှုံးပြီသား ဖြစ်ပါတယ်။ ပထမ ရွေးကောက်ပွဲမှာ ဆုံးရှုံးတယ်။ အဲဒါ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေနဲ့ ဆုံးရှုံးတယ်။ ဒုတိယ အာဏာသိမ်းလိုက်တဲ့အခါကြတော့ လူထုတရပ်လုံး ဆန့်ကျင်မှုကို ခံရတယ်။ ဒါက ပြည်တွင်းအနေနဲ့ တပ်မတော်က ဆုံးရှုံးပါတယ်။ နိုင်ငံတကာအနေနဲ့လည်း တပ်မတော်က ပိုပြီးတော့ ဆုံးရှုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က အရင်အာဏာရကာလကို ဖွင့်ခဲ့တဲ့အဖွင့် liberalization လို့ ပြောတဲ့ ဖြေလျှော့ဖွင့်ပေးတဲ့ ကာလတခုကို ထူထောင်နိုင်ခဲ့ပေမယ့် အခုပြန်ပြီး ပိတ်တဲ့လမ်းကိုသွားတယ်။ အခုနောက်ဆုံး ဥပဒေတွေကို ဆန္ဒပြတာနဲ့ အနှစ် (၂၀) အထိ ထောင်ချနိုင်တယ်လို့ တင်လိုက်တာက ဆုံးရှုံးမှု အကြီးမားဆုံး ဇောက်ထိုးဆင်းသွားတဲ့အထိ တပ်မတော်က ဆုံးရှုံးသွားခဲ့တယ်လို့ ပြောလို့ရတယ်။ သေနတ်နဲ့ လူထုရဲ့ဆန္ဒ အားပြိုင်ရတဲ့ အနေအထားမှာတော့ ဘယ်လိုအဖြေထွက်မယ်ဆိုတာကို ကျနော်တို့ မသိနိုင်သေးပါဘူး။
မေး ။ ။ ကျနော်ပြောချင်တာက ၆၂၊ ၈၈ တို့မှာလည်း အဲဒီလိုပဲ ဓမ္မနဲ့အဓမ္မ အားပြိုင်ကြတာတယ်။ လူထု၊ နိုင်ငံတကာတို့ အကုန်လုံး ပြည်သူ့ဘက်ကပါတယ်။ ၆၂ မှာလည်း ဒီမိုကရေစီ ဆုံးရှုံးသွားခဲ့တာကို နိုင်ငံတကာက ဝမ်းနည်းခဲ့ကြတယ်။ ထိုနည်းလည်းကောင်းပဲ ၈၈ မှာ ပြည်သူတွေအုံကြွပြီး ဒီမိုကရေစီတောင်းတာကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတော့ ဒါက အဲဒီတုန်းက အာဏာသိမ်းခဲ့တဲ့ တပ်ဖွဲ့တွေကလည်း သူတို့ဆုံးရှုံးပြီသားပေါ့။ အခုနလို့ ပြောမယ်ဆိုရင်ပေါ့။ သို့သော် လက်တွေ့မှာ သူတို့ အာဏာတည်မြဲသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုပွဲမှာကော သူတို့က ဆက်လက်အာဏာတည်မြဲ သွားနိုင်သလား။ အဓိကအားဖြင့်ပေါ့။
ဖြေ ။ ။ ဘယ်ထောင့်က ကြည့်သလဲပေါ်မှာ မူတည်တာပေါ့။ သေနတ်ပြောင်းက အာဏာထွက်တယ်ဆိုတဲ့ ထောင့်ကကြည့်မယ်ဆိုရင်တော့ သေနတ်ရှိတဲ့ အတွက်ကြောင့် အာဏာဆုပ်ကိုင်ထားတာကို အနိုင်လို့ယူတဲ့ ယုံကြည်တယ်ဆိုရင်တော့ အဲဒါအနိုင်ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် ပြည်သူလူထုရဲ့ မေတ္တာ၊ ပြည်သူလူထုရဲ့ စေတနာ၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ကမ္ဘာ့ပြည်သူတွေရဲ့ ယုံကြည်မှု အဲဒီလိုထောင့်ကကြည့်မယ်ဆိုရင်တော့ တပ်မတော်က ဆုံးရှုံးပြီးသွားပြီ။ ဒါပေမဲ့ စောစောက အာဏာဆိုတဲ့ ထောင့်ကပြောမယ်ဆိုရင်တော့ ကျနော်တို့ အားပြိုင်နေတဲ့ အခြေအနေမှာပဲ ရှိတယ်။ အနိုင်အရှုံးကို ပြောလို့မရသေးဘူး။
မေး ။ ။ ဒါပေမဲ့ နှစ်ပေါင်း (၆၀) ကျော် ခံခဲ့ရပြီးပြီ။ ဒီလို သူတို့ အုပ်စိုးလာခဲ့တာ။ ပြည်သူတွေက မုန်းတီးပေမယ့် လက်နက်အင်အားနဲ့ နှစ်ပေါင်း (၆၀) ကျော် ဆက်လက်ပြီးတော့ အုပ်စိုးလာခဲ့တာ ကျနော် သိချင်တာက အဲဒီလို အဖြစ်မျိုး ဆက်လက်ဖြစ်သွားနိုင်သလား။
ဖြေ ။ ။ ကျနော်တို့ ဒီအချိန်မှာ ဘာမှပြောလို့မရနိုင်သေးဘူး။ ကျနော်တို့ ယတိပြတ် ဘာမှပြောလို့မရသေးဘူး။ အားပြိုင်နေတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ အဲဒီလိုဖြစ်တာ တပ်မတော်က မိမိအနေနဲ့ အခုနပြောသွားတဲ့ ဆုံးရှုံးမှုတွေကို ပြန်ဆယ်ချင်တဲ့လူတွေ တပ်မတော်ထဲမှာ ရှိလား၊ မရှိလားဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲဒါ ရှိနေလား၊ မရှိဘူးလားဆိုတာလဲ ကျနော်တို့ သတင်းအချက်အလက် မရတဲ့အတွက်ကြောင့် မပြောနိုင်ပါဘူး။ သို့သော် အားပြိုင်မှုကတော့ ရှိနေတယ်။ အားပြိုင်မှု ရှိနေသမျှ၊ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။
မေး ။ ။ ဒါက မျှော်လင့်ချက် သိပ်ထားလွန်ရာ မကျပေဘူးလား။ အဲဒီလို တခါမှတော့ မပေါ်ပေါက်သေးဘူးပေါ့။
ဖြေ ။ ။ လုပ်မကြည့်လို့ရှိရင် ဘာမှမသိနိုင်ဘူး။ လျှောက်ကြည့်မှ သိရမယ့်ကိစ္စမျိုးအထိ ဒီကိစ္စမျိုးက။ ဒါကြောင့်မို့ လျှောက်ကြည့်ဖို့တော့ လိုတယ်။ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက စွန့်စားပြီး ပေးခဲ့ကြရတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဘာမှယတိပြတ် ကျနော်တို့ ပြောလို့ရမယ် မထင်ပါဘူး။ သို့သော် ကြည့်တဲ့ထောင့်ပေါ် မူတည်တယ်။ ရှုံးပြီးပြီ။ အဲဒီအရှုံးကို ပြန်ဆယ်ဖို့ပဲ တပ်မတော်က လိုတယ်။ တပ်မတော်က ရှုံးပြီးပြီ။
မေး ။ ။ ဒါပေမဲ့ မြန်မာ့တပ်မတော် သမိုင်းကို ကြည့်မယ်ဆိုရင် ကန်ဒီစာချုပ်အပြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်ကထွက်လိုက်ပြီးတော့ အဲဒီမှာ British trained ဗိုလ်ချုပ်ကြီးတွေ ကျန်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းမှာ သူတို့ကို ဖယ်ပစ်လိုက်တယ်။ နောက်ပြီးတော့ ဖက်ဆစ်ဂျပန်တွေရဲ့ စစ်ပညာကို ရလာတဲ့လူတွေက ဆက်ပြီးတော့ ဦးဆောင်လာတယ်။ ဆိုတော့ အခုအချိန်အထိလည်း မြန်မာ့တပ်မတော်ထဲမှာ အဲဒီကိစ္စကို ပြုပြင်ပြောင်းလဲတဲ့ စရိုက်လက္ခဏာ တစုံတရာ တွေ့ရပြီလား။ အခုရှိတဲ့ ဗိုလ်ချုပ်အသစ်တွေကလည်း ဒီပုတ်ထဲက ဒီပဲဆိုတော့ ဆရာ မျှော်မှန်းသလို ဖြစ်လာနိုင်ပါ့မလား။
ဖြေ ။ ။ ဆရာမေးတဲ့ မေးခွန်းလိုပဲ ဒီလိုကိစ္စတွေက ချက်ချင်းလက်ငင်း ဆောင်ရွက်လို့ရတဲ့ ကိစ္စတွေ မဟုတ်ဘဲ၊ အချိန်ယူရပါတယ်။ သို့သော်လဲ အခုသွားနေတဲ့ လမ်းကြောင်းက ပြန်ဆုတ်ဖို့အတွက် တပ်မတော်အတွက် အင်မတန် လိုအပ်နေတယ်။ ဒါကြောင့်မို့ တပ်မတော်ထဲမှာ စဉ်းစားနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ တပ်မတော်အတွက် ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ စဉ်းစားနိုင်တဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ သူတို့တွေရဲ့ အားတွေကလည်း အခုအချိန်မှာ သူတို့ပါ ပါဝင်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် တပ်မတော်ကို အများကြီးဆယ်တင်လို့ရမယ်လို့ ထင်တယ်။
မေး ။ ။ နောက်တခုက နိုင်ငံရေးအင်အားစုတချို့၊ နောက်တခါ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေတချို့နဲ့ပေါင်းပြီးတော့ ကြားဝင်စေ့စပ်ပေးဖို့ လေသံပစ်လာတာလည်း ကြားရပါတယ်။ အဲဒီလို ပြည်တွင်းအင်အားစုတွေရဲ့ စေ့စပ်မှုပေါ့ ပထမဦးဆုံးက။ ပြည်ပကို မပြောနဲ့အုံး။ အဲဒီပြည်တွင်းကလူတွေရဲ့ စေ့စပ်ပေးမှုက ထိရောက်မှု ရှိမယ်လို့ ထင်နိုင်ပါသလား။
ဖြေ ။ ။ ပိုပြီးတော့ တည်ငြိမ်တယ်၊ ပိုပြီးတော့ အနာသက်သာတဲ့ လမ်းကြောင်းတခုများ ရမလားဆိုပြီး ကြိုးစားကြည့်ကြတာပေါ့။ သို့သော် ဘာတွေစေ့စပ်တယ်၊ ဘာတွေညှိနှိုင်းတယ်၊ ဘာတွေတောင်းဆိုတယ်၊ ဘာတွေတောင်းဆိုထားတယ်ဆိုတာကလဲ ကျနော်တို့အနေနဲ့ ပွင့်လင်းမြင်သာစွာ မမြင်ရဘူး။ နောက်ဆုံး တွေ့ဆုံသွားခဲ့တယ်လို့ ပြောတဲ့၊ အာဏာမသိမ်းခင်က တွေ့ဆုံတဲ့အချိန်အထိ သိရတာက Reuters သတင်းဌာနကရေးတာ အချက် (၃) ချက် တောင်းဆိုခဲ့တာ တွေ့ရတယ်။ အဲဒါကတော့ တပ်မတော်ကနေ UEC လို့ခေါ်တဲ့ ရွေးကောက်တင်မြှောက်ရေးကော်မရှင်ကို သူအဆိုပြုတဲ့လူတွေလည်း ပြန်ဖွဲ့ဖို့နဲ့ မဲစစ်ဆေးပေးဖို့ ဆိုတာတွေပေါ့။ ဒါကတော့ ကျနော်ထင်တယ် အများပြည်သူတွေကလည်း လက်ခံမယ် မထင်ဘူး။ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်အနေနဲ့ မထင်ဘူး။ စောစောက ဦးကိုကိုကြီး၊ ဦးခွန်ထွန်းဦးတို့ ဆောင်ရွက်နေတာတွေက ဘယ်လိုပေါ်မှာ အခြေခံပြီး လုပ်နေသလဲ။ အဲဒါတွေကို ကျနော်တို့လည်း မမြင်ရတဲ့အတွက်ကြောင့် မှတ်ချက်တွေပေးဖို့ တော်တော်ခက်လိမ့်မယ် ထင်တယ်။
မေး ။ ။ တချိန်တည်းမှာပဲ ပြည်တွင်အင်အားစုကို ဖယ်ပြီးတော့ ပြည်ပက ဖြန်းဖြေပေးနိုင်တဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေပေါ့။ ဒီနိုင်ငံတွေက စေ့စပ်ပေးလာနိုင်တဲ့ အလားအလာ ဆိုရင်တော့ အနောက်နိုင်ငံတွေ ပြောစကားထက် ပိုပြီးတော့ ထိရောက်နိုင်သလားလို့ စဉ်းစားစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဆရာ ဘယ်လိုသဘောရသလဲ။
ဖြေ ။ ။ အခုဟာက ကုလသမဂ္ဂက ဆုံးဖြတ်ချက်မှာလည်း အဲဒီလို ဖြစ်စဉ်ကိုသွားဖို့ ပြောထားတာကို ကျနော်တို့ တွေ့လိုက်ရတယ်။ ကောင်းတာကတော့ ကုလသမဂ္ဂက ကြားဝင်ပြီး၊ ညှိနှိုင်းလို့ရှိရင်တော့ ကောင်းတယ်။ ဒါပေမဲ့ တချို့ပြဿနာတွေက တော်တော်လေးညှိဖို့ခက်မယ့် ပြဿနာတွေလို့ ထင်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက်က သူ တပ်မတော်မှာ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်လို့ရအောင် ကာလုံကတဆင့်၊ သမ္မတက အတည်ပြုပေးဖို့ဆိုတဲ့ တောင်းဆိုချက်မျိုး။ ဒါမျိုးကတော့ ခက်လိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ICJ ခေတ်ကာလမှာ ဒါက မြန်မာနိုင်ငံကနေ တရားခံလို့ စွပ်စွဲထားတဲ့ ကိစ္စတခု။ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတခုလုံးကို အတည်ပြုပေးလိုက်သလို ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်၊ တိုင်းပြည်ကို ချောက်ထဲဆွဲခေါ်သွားသလို ဖြစ်နိုင်တာကြောင့်၊ ခက်ခဲလိမ့်မယ်ထင်တယ်။ အဲဒီလိုပဲ အလားတူ ဘယ်လို ရာထူးမျိုးကိုပဲ ခန့်ဖို့ တောင်းဆိုတောင်းဆို ခက်လိမ့်မယ်လို့ ကျနော်ထင်တယ်။ သို့သော် ဖွဲ့စည်းပုံအရ ပေးထားတဲ့ ဒုတိယသမ္မတလိုမျိုး ယူလိုက်မယ်ဆိုရင်တော့ ဒါက ကျနော်တို့ ပြည်သူအနေနဲ့၊ တိုင်းပြည်အနေနဲ့ ခန့်တာလည်း မဟုတ်ဘူး။ အစကတည်းက တပ်မတော်က လုပ်ထားပြီးသာ ဖြစ်တဲ့အတွက်ကြောင့် ဒါက အသက်သာဆုံး ဖြစ်မယ်ထင်တယ်။
မေး ။ ။ အခြေအနေကတော့ သူတို့တနည်းနည်းနဲ့ နှစ်ဘက်ပြေလည်မှု မရနိုင်ဘူး ဆိုရင်တော့ ပြည်သူကလည်း တအုံနွေးနွေးနဲ့ ကာလတာရှည်သွားအုံးမှာပဲ။ နောက်မျိုးဆက် Generation တွေ မျိုးဆက်တခုလောက်ကတော့။
ဖြေ ။ ။ တအုံနွေးနွေးတော့ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်နဲ့ အမျိုးသားရေးအစွန်းရောက်၊ လက်ယျာအစွန်းရောက် အုပ်စုတွေပေါင်းသွားတာဟာ ကမ္ဘာပြည်မှာ ဘယ်တိုင်းပြည်မှ အကောင်းဘက်ကို မရောက်ဘူး။ ဖိနှိပ်မှုတွေက ပြင်းထန်သမျှ ပြင်းထန်တဲ့နေရာကိုပဲ ရောက်တယ်။ အခုကိုပဲ စပြီးမြင်နေရတယ်။ ပြန်ကြားရေးဌာနရဲ့ လုပ်ကိုင်ပုံတွေ၊ ပြီးတော့ ဥပဒေတွေကို ပြောင်းလဲလိုက်တာတွေ။ ဆန္ဒပြရုံနဲ့ နှစ် (၂၀) ဆိုတာက တနှစ်ပဲ တာဝန်ယူပါမယ်ဆိုတာကို ပြောထားတာကို ပြန်ပြီးချေဖျက်လိုက်သလို။ ကျနော်တို့ စမြင်နေရပြီ။
မေး ။ ။ နောက် CDM လို့ခေါ်တဲ့ အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကရော ဘယ်လောက်ထိ အဓွန့်ရှည်နိုင်မလဲ။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ သိပ်ကြာလာရင် သူတို့ကော လက်ပန်းကျသွားနိုင်သလား ဆိုတာလဲ စဉ်းစားစရာ ဖြစ်မယ်ထင်တယ်။
ဖြေ ။ ။ ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း စဉ်းစားပြီးသား ဖြစ်မှာပါ။ ဥပမာ အခု ဒီဟာကို ဦးဆောင်လုပ်နေကြတဲ့ ဆရာဇော်ဝေစိုးတို့ကလည်း ဆရာဝန်ကြီးတွေပါ။ ပညာတတ်ကြီးတွေပါ။ စီမံခန့်ခွဲမှုမှာ ကြီးကြီးမားမား နေရာယူခဲ့ကြတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့လည်း ဆရာမေးတဲ့မေးခွန်းကို စဉ်းစားပြီးသား ရှိလိမ့်မယ်လို့ထင်တယ်။ စိန်ခေါ်ချက်ပါပဲ။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ စကားလိုပဲ လူတိုင်းလူတိုင်းက ရုန်းထွက်နေရတဲ့သဘောမျိုးပဲ။ လူတိုင်း အားထုတ်ဖို့လိုတယ်။ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အားပြိုင်မှုဟာ အခုဆက်လျှက်သွားနေတုန်းပဲ။ ရလဒ် ဘယ်လိုရမလဲဆိုတာကို ကျနော်တို့ မပြောနိုင်သေးပါဘူး။
==Unicode==