Your browser doesn’t support HTML5
ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းရေး ရည်မှန်းချက်နဲ့ စတင်ထူထောင် ရပ်တည်လှုပ်ရှားလာခဲ့တဲ့ SNLD (ခေါ်) "ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်" ဟာ အခုအခါ ပါတီသက်တမ်း (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပေမဲ့ မျှော်မှန်းချက်ပန်းတိုင်နဲ့ ဝေးသထက်ဝေးနေသေးတယ်လို့ ပါတီဥက္ကဋ္ဌစိုင်းညွန့်လွင် က ပြောပါတယ်။ ဘယ်လို အခက်အခဲတွေကြောင့်လဲ၊ ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတာကို ဦးစိုင်းညွန့်လွင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် - congratulations ပါ။ SNLD တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလို့ ကျနော် နားလည်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ နှစ်ပေါင်း (၃၃) နှစ် ကြိုးပမ်းလာခဲ့တာ ရည်မှန်းချက်ပေါက်မြောက်ဖို့ ဘယ်လောက်များ နီးကပ်လာခဲ့ပြီလဲဆိုတာကို အကြမ်းမျဉ်းသုံးသပ်ပေးလို့ ရမလား။
ဖြေ ။ ။ ကျေးဇူးပါ ဦးကျော်ဇံသာ။ နှစ်ပေါင်း (၃၃) နှစ်လောက် ထောင်ကျတန်းကျ ပင်ပန်းကြီးစွာ လုပ်ခဲ့ပြီးတော့ ဒီနေ့ဒီအချိန်မှာတော့ မျှော်မှန်းထားတဲ့ကိစ္စတွေနဲ့ ဝေးသထက်ဝေးနေတယ်လို့ ပြောရမှာပါ ဆရာ။
မေး ။ ။ ဒီလိုစစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွက်ရေးနဲ့ ပတ်သက်ပြီးတော့ ရည်မှန်းချက် ဝေးနေရတာဟာ ဘာကြောင့်လဲ။ တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲသလား။ ကျနော့် အတွေ့အကြုံအရတော့ ကျောင်းတွေမှာ၊ ရပ်ကွက်တွေမှာ အတူတူနေခဲ့ကြတာ၊ ဘာမှ တယောက်နဲ့တယောက် စိတ်ဝမ်းကွဲပြီး မင်းကရှမ်း၊ မင်းကရခိုင်၊ မင်းကဗမာပဲဆိုတာ ဘယ်တော့မှ ခွဲခြားပြောဆိုတာ မတွေ့ရပါဘူးဆိုတော့ ပြည်သူလူထုကြားမှာ စိတ်ဝမ်းကွဲမှု မဟုတ်ဘဲနဲ့၊ အထက်-အောက် အာဏာပိုင်တွေကြားမှာများ ကွဲနေတာများလား။ အဲဒီလို ခွဲခြားလို့ရသလား။ အခု စိတ်ဝမ်းကွဲနေတဲ့သဘောက ဘယ်လိုလဲဆိုတာကို နည်းနည်းပြောပြပါလား။ ဘယ်လိုစဉ်းစားမိပါသလဲ။
ဖြေ ။ ။ အရင်တုန်းကတော့ ဖယ်ဒရယ်လို့ ပြောလို့မရဘူး။ ဖယ်ဒရယ်ပေါ်မှာ အယူအဆတွေကတော့ တော်တော်လေးကွဲပြားပါတယ်။ ဖယ်ဒရယ်လို့ ပြောလိုက်တာနဲ့ တိုင်းပြည်က ခွဲထွက်ကြမယ်လို့ ပြောခဲ့ကြတယ်။ ရှစ်ဆယ့်ရှစ်အရေးခင်း ပေါ်ပြီးနောက်ပိုင်းမှာတော့ ၉၀ နောက်ပိုင်း ၂၀၀၀ ပတ်ဝန်းကျင်လောက်ကစပြီး အားလုံးက ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနဲ့ ပတ်သက်ပြီးတော့ အားလုံးက တသဘောထဲပါပဲ။ အစိုးရလုပ်တဲ့လူတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စု လုပ်ကြမယ်လို့ ပြောတယ်။ အတိုက်အခံတွေကလည်း ဖယ်ဒရယ်ပြည်ထောင်စုပဲ ပြောပါတယ်။ တခါ မကွဲမပြားတဲ့ ကိစ္စတခုကတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ထောင်မယ်ဆိုတာကိုလည်း အားလုံးက တသံထဲပြောပါတယ်။ ဒီအသံတွေကို နားထောင်မယ်ဆိုရင်တော့ ဆရာပြောသလို ကွဲပြားတာတော့ မရှိလောက်ဘူး။ သို့သော်လဲပဲ ဘာမှကို ဖြစ်မလာဘူး။ အခုနပြောသလိုပဲ တဖြည်းဖြည်းဝေးသွားခဲ့တယ်။
မေး ။ ။ အဲဒါ ဘာကြောင့်လို့ သုံးသပ်ရပါသလဲ။
ဖြေ ။ ။ လူတွေရဲ့ စဉ်းစားချက်လို့ ကျနော် ထင်ပါတယ်။ ဒီပြည်ထောင်စုပေါ် ခံယူထားတာတွေ၊ ဒီမိုကရေစီပေါ် အာရုံထားတာထက်စာရင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် institution, ကိုယ့်အုပ်စုတွေက ရှေ့တန်းရောက်နေတယ်လို့ မြင်မိတယ်။ ပြည်ထောင်စုကိစ္စကို အရင်ဆုံး ရှေ့တန်းမှာ နံပတ်တစ်ထားပြီး စဉ်းစားမယ်။ ဒီမိုကရေစီကိစ္စကို စပြီးတော့ အဓိကထားပြီး စဉ်းစားမယ်ဆိုရင်တော့ အဲဒီလိုတော့ ဖြစ်မယ်မထင်ဘူး။ ဒါပေမဲ့ အခုကတော့ အုပ်စုကိစ္စတွေ၊ အဖွဲ့အစည်း institution ကိစ္စတွေ၊ ပုဂ္ဂိုလ်ရေး၊ သူတို့ယုံကြည်ကိုးကွယ်တဲ့ အားထားတဲ့ အားကိုးတဲ့ ပုဂ္ဂိုလ်ရေးတွေ အဲဒါတွေကြောင့် ကွဲနေတယ်လို့ ထင်ပါတယ်။
မေး ။ ။ အခု ဖေဖေါ်ဝါရီမှာ အာဏာသိမ်းခံရပြီးတဲ့နောက် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေ။ နောက်ပြီးတော့ NUG တို့၊ အခြားတိုင်းရင်းသားတွေဘက်ကလည်း စိတ်ဝမ်းကွဲပြားမှုတွေကို အတတ်နိုင်ဆုံး လျှော့ချမယ်။ ဘာသာရေး၊ လူမှုရေး ကွဲပြားမှုတွေကိုလည်း သူတို့ ဂရုမစိုက်တော့ဘူး။ တပေါင်းတစည်းထဲ သဘောထားကြမယ်။ နောက်ပြီးတော့ အာဏာပိုင်တွေဘက်ကလည်း ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးဆိုတာကို တွင်တွင်ကျယ်ကျယ် ပြောလာတာကို ကြားနေရပါတယ်။ ဆိုတော့ ဘယ်လောက်လက်တွေ့ ဖြစ်လာနိုင်မလဲလို့ ကျနော် စဉ်းစားမိပါတယ်။
ဖြေ ။ ။ နှစ်ဘက်စလုံးက ပြောနေတယ်ဆိုပေမယ့် အဲဒီအခြေအနေ ထူထောင်ဖို့ကတော့ လက်တလောမှာ တော်တော်လေးခက်တယ်။ တဘက်နဲ့တဘက်က ညှိနှိုင်းလို့ မရနိုင်လောက်တဲ့ အခြေအနေ ဖြစ်နေကြတဲ့အခါကြတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ထောင်ဖို့ဆိုတာ ပိုပြီးတော့တောင် အခက်အခဲ ဖြစ်နေတယ်။ နောက်ပြီးတော့ ဒေသအသီးသီးမှာလဲ နိုင်ငံရေးပဋိပက္ခ မဟုတ်တော့ဘဲနဲ့ တိုက်ရေးခိုက်ရေး စစ်ရေးပဋိပက္ခတွေ ဖြစ်လာတဲ့အခါကြတော့ ပိုပြီးတော့ အလှမ်းဝေးတယ်လို့ ကျနော်က အဲဒီမှတ်ချက်ကို ပေးခြင်းဖြစ်ပါတယ်။
မေး ။ ။ တိုက်ရေးခိုက်ရေးဆိုလို့ ကျနော် စဉ်းစားမိတယ် - တကယ်တော့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းစွာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ကြရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုဖြစ်ဖို့အတွက် SNLD မပေါ်ပေါက်ခင် လွန်ခဲ့တဲ့ (၃၃) နှစ်မကဘူး၊ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာလဲ ကြိုးပမ်းခဲ့ကြတာ ရှိပေမယ့်၊ ဒီလိုကြိုးပမ်းမှု မအောင်မြင်လို့ လက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ပေါက်လာရသလားဆိုတာ အခုအခါမှာ တဖြည်းဖြည်း လူတွေတောင် သဘောပေါက်လာလိမ့်မယ် ထင်ပါတယ်။ ဆိုတော့ အခုလက်နက်ကိုင် တော်လှန်ရေးကိုရပ်ပြီးတော့ ဒီလိုငြိမ်းချမ်းစွာနဲ့ ဖြေရှင်းနိုင်မယ့် အခြေအနေကော ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ အရင်ဆုံးကတော့ လွတ်လပ်ရေးရဖို့ပေါ့။ အခုနောက်ပိုင်းမှာတော့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ လမ်းစဉ်ကို လိုက်သွားကြတာပါ။ ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့တာတွေ၊ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာတွေ မရှိခဲ့ပါဘူး။ အခုကြတော့ အဲဒီအပိုင်းတွေ ပေါ်လာတာ တွေ့ရတယ်လို့ မှတ်ချက်ပြုချင်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးထက်စာလို့ရှိရင် လောလောဆယ် တိုက်တာခိုက်တာက စစ်အာဏာရှင် တိုက်ဖျက်ရေး စသည်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးဘက်ကို ပိုပြီတော့ နိုင်ငံရေးအရ ဖော်ဆောင်တာ မဟုတ်တော့ဘဲနဲ့ ခုခံတိုက်ခိုက်တယ်လို့တော့ သူတို့ပြောကြတာပေါ့။ အဲဒီလို ဖြစ်လာတာ ဝမ်းနည်းစရာကောင်းတာပေါ့။
မေး ။ ။ ဆိုတော့ စစ်ကောင်စီဘက်ကတော့ အခု တိုင်းရင်းသားတွေကို ပိုပြီးတော့ စည်းရုံးလာတာလို့ ပြောရင် ရမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေကို ဖယ်ဒရယ်စနစ်ဖြစ်အောင် ပေးပါမယ်လို့ အခုရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုတဲ့စနစ်ကို ကျင့်သုံးမယ်လို့ အမျိုးမျိုးပြောနေပါတယ်။ ဆိုတော့ လက်တွေ့ကော ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ စည်းရုံးတယ်ဆိုတာကတော့ ဟိုအရင်ကတည်းကပါပဲ။ အဲဒီလိုမျိုး ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။ သို့သော်လဲပဲ PR နဲ့ ပတ်သက်ပြီး ပြောရရင်တော့ PR မှာ ရောနှောပြီးတော့ လုပ်ဖို့ပဲရတာ။ အားလုံး PR စနစ်ကို ကျင့်သုံးဖို့ဆိုတာ အရမ်းအခက်အခဲ ရှိတယ်။ လုပ်ချင်တယ်ဆိုရင်တော့ရတယ် အဲဒါ ဘာလဲဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်မှရမယ်။ PR စနစ်မှာ အားလုံးပါဝင်ခွင့် ရလာမယ်ဆိုတာ ကောင်းပါတယ်။ သို့သော်လဲ သူက နိုင်ငံရေးပါတီ မရှိတဲ့လူမျိုးတွေ၊ နိုင်ငံရေးပါတီမရှိတဲ့ အုပ်စုတွေကတော့ PR လုပ်လဲ သူတို့အတွက်တော့ ဘာမှကိုယ်စားလှယ်ရမှာ မဟုတ်ပါဘူး။ PR စနစ်ရဲ့ အဓိကအခက်အခဲကတော့ ၂၀၀၈ အခြေခံဥပဒေကနေ ပြဌာန်းထားတဲ့ (၂၅) ရာခိုင်နှုန်း - ရွေးကောက်မခံရဘဲနဲ့ လွှတ်တော်ထဲကို ရောက်နေတဲ့ (၂၅) ရာခိုင်နှုန်း ရှိနေတဲ့ ပြဿနာပါ။ အဲဒီကိစ္စ ရှိနေသရွေ့ကတော့ PR စနစ်က မျှတတယ်လို့ ဘယ်လိုမှ ပြောလို့မရနိုင်ပါဘူး။ နောက်တခုက ကျနော်က PR စနစ်ထက် အခုလက်ရှိ တောက်လောင်းနေတဲ့ ပဋိပက္ခတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းကြမလဲဆိုတာကို ပိုပြီးတော့စိတ်ဝင်စားတယ်။ ဒါက ကျနော့်တယောက်ထဲအမြင်နဲ့ ပြောဆိုတာပါ။
ဘာကြောင့်လဲဆိုတော့ ဒီလိုသာ ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲ ဖြစ်ခြင်းဖြစ်မယ်။ အတင်းအကျပ်လုပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ်။ ဒါပေမဲ့ လူတွေသေကြမယ်၊ နာကြမယ်၊ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကြမယ်။ အဲဒီထဲကမှ ရလာတဲ့ ရွေးကောက်ပွဲဆိုရင်တော့ နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဆိုတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ။ တယောက်နဲ့တယောက် နာကျည်းမှုတွေက လာမယ့် (၁) နှစ်အတွင်းမှာ ပြေပျောက်မှုဆိုတာ တော်တော်လေးကို ကြိုးစားယူမှ ဖြစ်နိုင်မယ်လို့ ကျနော်တော့ အဲဒီလို ယူဆမိတယ်။ အဲဒါက ကျနော်တို့အတွက် စိတ်မချမ်းသာစရာ ဖြစ်တယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါကလည်း မပြီသေးဘူး။ အခုဖြစ်နေတာတွေရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ စသဖြင့်က တဖြည်းဖြည်းနဲ့ စိုးရိမ်ရတဲ့ အနေအထားမျိုး ရောက်လာနေတယ်။ ဒီဟာတွေကို ကျနော့်အနေနဲ့ စိုးရိမ်တယ်။ တချို့ကလဲ အဲဒီလို စိုးရိမ်တာကိုပဲ သူရဲဘောနည်းတယ်လို့ စသဖြင့် အယူအဆချင်း မတူတဲ့အခါကြတော့ အပြစ်တင်ဝေဖန်တာတွေလည်း ရှိပါတယ်။ အားလုံးက တယောက်နဲ့တယောက် မတူကြတော့ လက်ခံရမှာပဲ။ ဝေဖန်လို့ရပါတယ်။
မေး ။ ။ လောလောဆယ် တိုက်နေခိုက်နေတဲ့ကိစ္စဟာ သိပ်ပြီးတော့ အရေးကြီးတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ ကျနော်လည်း လုံးဝသဘောတူပါတယ်။ အဲဒီကိစ္စ ပြေငြိမ်းနိုင်မယ့် အလားအလာကော မြင်ပါသလား။ ဒီကိစ္စ ထွက်ပေါက်ရရှိရေး လမ်းစများ ရှိပါသလား။
ဖြေ ။ ။ အရိုးသားဆုံး ပြောရရင်တော့ မရှိပါဘူး။ ကျနော်တို့က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် လက်လှမ်မမီနိုင်ပါဘူး။ အခုက နှစ်ဘက်စလုံးက နိုင်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ရောက်နေတယ်။ နှစ်ဘက်စလုံးက နိုင်မှဖြစ်မယ်ဆိုတဲ့ ကိစ္စ ရှိလာတဲ့အခါကြတော့ ပိုပြီးတော့ ပြင်းထန်လာတယ်။ ကျနော်တို့ ရှမ်းအချင်းချင်း တပ်တွေ တိုက်နေတာတွေ ရှိပါတယ်။ SSPP နဲ့ RCSS တို့ တိုက်နေတာ ရှိပါတယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က နှစ်ဘက်စလုံးကိုဝင်ပြီးတော့ စေ့စပ်ဆောင်ရွက်နေပါတယ်။ ကိုယ့်အချင်းချင်းကိစ္စကိုတောင်မှ ကျနော်တို့ မစွမ်းနိုင်ပါဘူး။ အခု တနိုင်ငံလုံးဖြစ်နေတဲ့ PDF တွေ၊ SAC တပ်တွေနဲ့ ဖြစ်နေတဲ့ ကိစ္စကတော့ ကျနော်ထင်တယ် ကျနော်တို့ မလုပ်နိုင်ဘူးထင်တယ်။ သို့သော်လဲ နည်းလမ်းကတော့ ဒီနေ့အထိ မတွေ့သေးဘူးဆိုပေမယ့် ဒီလိုနဲ့လျှော့လို့တော့ မရပါဘူး။ ကျနော်တို့ စဉ်းစားရမှာပါပဲ။ သူတို့ လက်ပန်းကျတဲ့အချိန်ကို စောင့်မလား။ လက်ပန်းကျတဲ့အချိန်ရောက်ရင်လဲ ပြည်သူလူထုလည်း ဖွတ်ဖွတ်ညှက်ကြေနေပြီဆိုတော့ စောင့်လို့မဖြစ်ပြန်ဘူး စသည်ဖြင့် - ပြောမယ်ဆိုရင်တော့ ကျနော်တို့လည်း တော်တော်လေးကို စိတ်ဆင်းရဲပါတယ်။ ဒီအပေါ်မှာလဲ စိတ်ပူပန်မှုတွေများစွာ ရှိပါတယ်။
မေး ။ ။ နောက်ဆုံးတစ်မိနစ် ကျန်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုက - အခု အာဆီယံကိုတော့ အားလုံးက နောက်ကနေ တွန်းပေးနေကြတယ်။
ဖြေ ။ ။ ကျနော် နားလည်သလောက်ကတော့ နိုင်ငံတကာကို SAC ဘက်က သိပ်တော့ မကြိုက်လှဘူးလို့ ထင်တယ်။ ဒါပေမဲ့ အခုဖတ်နေရတဲ့ သတင်းတွေအရဆိုရင်တော့ သူတို့လဲပဲ နိုင်ငံတကာကို လက်လွှတ်လို့ မရဘူးဆိုတာ သဘောပေါက်တဲ့သဘော ရှိပါတယ်။ NUG ဘက်ကတော့ နိုင်ငံတကာဘက်ကို အားကိုးရတာပေါ့။ သို့သော်လဲပဲ အခုန ကျနော်ပြောသလို တော်တော်များများကတော့ ကျနော်ထင်တယ် စစ်ရေးတိုက်ရေး တိုက်ခိုက်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ကိစ္စကတော့ နိုင်ငံတကာရဲ့ အားနဲ့ပဲ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ နိုင်ငံတကာပဲ အားကိုးရမယ့် အနေအထားမျိုး ရောက်ပါပြီ။
== Unicode ==